Trending Now

ပါကစ္စတန်မှာ တရုတ်အင်ဂျင်နီယာ ယာဉ်တန်းကို အသေခံဗုံးခွဲတိုက်ခိုက်လို့ ခြောက်ဦး သေဆုံးခဲ့

Spread the love

ပါကစ္စတန်မှာ တရုတ်အင်ဂျင်နီယာ ယာဉ်တန်းကို အသေခံဗုံးခွဲတိုက်ခိုက်လို့ ခြောက်ဦး သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ မတ် ၂၇

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ရေကာတာစီမံကိန်းအတွက် လုပ်ဆောင်နေတဲ့ တရုတ်အင်ဂျင်နီယာယာဉ်တန်းကို အသေခံဗုံးခွဲသမားတစ်ဦးက အင်္ဂါနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ခြောက်ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါဟာ တစ်ပတ်အတွင်း ပါကစ္စတန်နိုင်ငံမှာ တရုတ်အကျိုးစီးပွားကို တတိယမြောက် အကြီးစားတိုက်ခိုက်ခံရမှုဖြစ်ပြီး တိုက်ခိုက်မှုကြောင့် တရုတ်အမျိုးသားငါးဦးနဲ့ ပါကစ္စတန်ယာဉ်မောင်းတို့ သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ ရဲချုပ် မိုဟာမက်အာလီက ပြောကြားခဲ့ပါတယ်။

အဆိုပါ ယာဉ်တန်းဟာ Dasu ရေအားလျှပ်စစ်စီမံကိန်းအတွက် လုပ်ဆောင်နေတဲ့ ဆောက်လုပ်ရေးကုမ္ပဏီ China Gezhouba Group Company (CGGC) က ဝန်ထမ်းတွေကို တင်ဆောင်ထားတဲ့ ယာဉ်တန်းဖြစ်တယ်လို့ သီးခြားရဲသတင်းမြစ်တစ်ခုက ရိုက်တာကို ပြောပါတယ်။

ပထမအကြိမ် တိုက်ခိုက်မှု နှစ်ခုဟာ ပေကျင်းက ဘီလီယံပေါင်းများစွာ ရင်းနှီးမြုပ်နှံထားတဲ့ ဘလိုချစ်စတန်ပြည်နယ်က မဟာဗျူဟာမြောက်ဆိပ်ကမ်းတစ်ခုနဲ့ ပါကစ္စတန်ရေတပ်အခြေစိုက်စခန်းတို့ဖြစ်တယ်လို့ သိရပါတယ်။

ပါကစ္စတန်မှာ တရုတ်နိုင်ငံက Belt and Road ပဏာမခြေလှမ်းအရ ဒေါ်လာ ၆၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံကာ အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းတွေလုပ်ဆောင်နေပြီး တရုတ်အင်ဂျင်နီယာတွေဟာလည်း ပရောဂျက်များစွာမှာ ဝင်ရောက်လုပ်ကိုင်နေကြပါတယ်။

၂၀၂၁ ခုနှစ်ကလည်း ဘတ်စ်ကားတစ်စီး ဗုံးပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားကိုးဦး အပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့ပြီး တိုက်ခိုက်မှုအတွက် ဘယ်သူကမှ တာဝန်ရှိတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိသလို ယခုတိုက်ခိုက်မှုအတွက်လည်း ထုတ်ဖော်ပြောဆိုထားခြင်းမရှိပါဘူး။

ပါကစ္စတန်ရှိ တရုတ်သံရုံးက တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပြီး ကျူးလွန်သူတွေကို ပြင်းထန်စွာအရေးယူဖို့နဲ့ တရုတ်နိုင်ငံသားတွေကို လက်တွေ့ကျပြီး ထိရောက်စွာအကာအကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။

” ပါကစ္စတန်မှာရှိတဲ့ တရုတ်ဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကို ထိန်းသိမ်းနိုင်ဖို့အတွက် တရုတ်က ပါကစ္စတန်နဲ့ ပိုမိုပြတ်သားစွာလုပ်ဆောင်သွားမယ်” လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

ref; Reuters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။