Trending Now

နန်းမာဘူတာတွင် ရပ်ထားသော မီးရထားတွဲ ၅တွဲ မီးလောင်ပျက်စီး

Spread the love

နန်းမာဘူတာတွင် ရပ်ထားသော မီးရထားတွဲ ၅တွဲ မီးလောင်ပျက်စီး

EPN
မြစ်ကြီးနား၊ မတ် ၂၁ (၂၀၂၄)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမာဘူတာတွင် ယမန်နေ့ (မတ်လ ၂၀ ရက်နေ့)၊ ညနေ ၆ နာရီခန့်က ဘူတာတွင် ရပ်ထားသည့် ခရီးသည်တင် မီးရထားတွဲ ၅ တွဲ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မန္တလေး – မြစ်ကြီးနား ရထားလမ်းပိုင်းရှိ နန်းမာဘူတာတွင် ၃ နှစ်ခန့်ကြာ ရပ်ထားသည့် ခရီးသည်တင် ရိုးရိုးတွဲ ၅ တွဲ မီးလောင်ခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

” မီးလောင်မှုဖြစ်စဥ် အသေးစိတ်တော့ မသိရသေးဘူး။ ရထားကတော့ ကိုဗစ်တွေဖြစ်ထဲက ဆိုတော့ ၃ နှစ်ကျော်လောက်ရှိပြီဗျ။ ခရီးသည်တင် ရထားတွဲတွေလောင်သွားတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ နန်းမာဘူတာတွင် မီးရထားလမ်းများ ပိတ်သည့်အချိန်က စတင်ကာ အိမ်ခြေယာမဲ့များ၊ မူးယစ်ဆေးဝါး သုံးစွဲသူများ ရံဖန်ရန်ကာ နေတက်ကြောင်း၊ ၎င်းတို့၏ ပေါ့ဆမီးမှ မီးလောင်ရခြင်းဖြစ်သည်ဟု သုံးသပ်မိကြောင်း နန်းမာမြို့နေ မြို့မိမြို့ဖတစ်ဦးက ပြောသည်။

” ဘူတာမှာ မီးရထားတွေ ပြေးဆွဲမှုမရှိထဲက ရထားက စပ်ဆက်ပစ္စည်း သံတို၊ သံစတွေလဲ ဖြုတ်ခိုးခံရတာတွေ ရှိတယ်။ နောက်ပြီး အိမ်ခြေယာမဲ့တွေ၊ မူးယစ်ဆေးသမားတွေက အဲ့ဒီဘူတာပတ်ဝန်းကျင်မှာ နေထိုင်တတ်ကြတယ်။ ကျွန်တော် သုံးသပ်မိသလောက်တော့ ဒီလိုလူတွေရဲ့ မီးအသုံးပြုမှုကနေ ပေါ့ဆပြီး မီးလောင်ခဲ့ရတယ်လို့ သုံးသပ်မိတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ မီးလောင်မှုကို နန်းမာမီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၃ စီးဖြင့် ၄၅ မိနစ်ခန့်ကြာ ငြိမ်းသတ်ခဲ့ရကြောင်းသိရသည်။

လက်ရှိတွင် မြစ်ကြီးနား – မိုးကောင်း မီးရထားကို နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ခေါက်ပြန် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။