Trending Now

ဆယ်စုနှစ်တစ်ခုကြာ မတတ်နိုင်သူတွေကို လစဉ်ဆေးဖိုး တိတ်တဆိတ်ထောက်ပံ့ခဲ့တဲ့ အမျိုးသား

Spread the love

ဆယ်စုနှစ်တစ်ခုကြာ မတတ်နိုင်သူတွေကို လစဉ်ဆေးဖိုး တိတ်တဆိတ်ထောက်ပံ့ခဲ့တဲ့ အမျိုးသား

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၁

အမေရိကန်ပြည်ထောင်စု၊ အလ်ဘားမားပြည်နယ်၊ ဂျယ်ရာဒင်မြို့မှာ ရှိတဲ့ အမျိုးသားတစ်ဦးဟာ ဆယ်စုနှစ်တစ်ခုကြာ မတတ်နိုင်တဲ့ သူတွေကို လစဉ်လတိုင်း ဆေးဖိုးတိတ်တဆိတ်ထောက်ပံ့ခဲ့ပါတယ်။

ဟိုဒီ ချားဒရက် ဆိုတဲ့ လယ်သမား တစ်ဦးဟာ အနီးနားက Lockheed Martin Space စက်ရုံမှာ ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ရင်း ရိုးရှင်းစွာနေထိုင်ခဲ့သူတစ်ဦးအဖြစ် အများကသိကြပါတယ်။

သူရဲ့ မိသားစုဟာ အလွန်နှိမ့်ချတတ်ပြီး ဘုရားသခင်ကို ချစ်ခင်သူတွေဖြစ်သလို အိမ်နီးနားချင်းတွေကိုလည်း ဥယျာဉ်ထဲက ဟင်းသီးဟင်းရွက်တွေကို မျှဝေပေးလေ့ရှိတဲ့ မိသားစုဖြစ်ပါတယ်။

ဒါပေမယ့် ဟိုဒီရဲ့ မိသားစုကတော့ သူ့ရဲ့ ကြီးမားတဲ့ လျှိုဝှက်ချက်ကို မသိခဲ့ကြပါဘူး။ ဒါကတော့ ဟိုဒီဟာ ဆေးဖိုး မတတ်နိုင်သူတွေအတွက် မြို့ထဲက ဆေးဆိုင်ကို ဆယ်စုနှစ်တစ်ခုကြာ လစဉ်လတိုင်း ဒေါ်လာ ၁၀၀ လှူဒါန်းနေခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ဆေးဖိုး ဒေါ်လာ ၁၂၀၀၀ နီးပါး ပေးလှူခဲ့ပေမယ့် ဟိုဒီက ဘယ်သူ့ကိုမှ ဖွင့်မပြောဖို့ တောင်းဆိုခဲ့တယ်လို့ ဆေးဆိုင်ပိုင်ရှင် မစ္စ ဝေါကာက ပြောပါတယ်။

“ဒါကို ဘယ်သူ့ကိုမှ မပြောပါနဲ့ လိုအပ်နေတဲ့ သူတွေကိုလည်း ဘယ်သူလှူတယ်ဆိုတာမပြောပါနဲ့ အဲဒါက ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာလို့ ပြောပေးပါ” လို့ ဟိုဒီက ပြောဆိုခဲ့ကြောင်း မစ္စ ဝေါကာကပြောပါတယ်။

အစပိုင်းမှာ မစ္စဝေါကာက တစ်ကြိမ်တစ်ခါသာ ဟိုဒီက ပေးလှူမယ်လို့ ထင်ခဲ့ပေမယ့် ဟိုဒီကတော့ လစဉ်လတိုင်း ဆေးဆိုင်ကို ဝင်ရောက်လာပြီး ဒေါ်လာ ၁၀၀ လှူဒါန်းသွားခဲ့တာ ဆယ်နှစ်နီးပါးကြာမြင့်ခဲ့ပြီလို့ ဆိုပါတယ်။

“၁၀ နှစ်နီးပါး လတိုင်သူ ရောက်လာပါတယ် ဒီလောက်ကြာရှည်ခံတာကို ကျွန်မတစ်ခါမှ မြင်ဘူးသလို သူကလည်း ဒီဟာကို ငါတို့ကြားမှာပဲထားပါလို့ အမြဲပြောနေခဲ့တာ” လို့ မစ္စဝေါကာက ပြောပါတယ်။

နောက်ပိုင်းမှာတော့ နှစ်အတော်ကြာ နေမကောင်းဖြစ်လာတဲ့ ဟိုဒီဟာ အိမ်အပြင်ကို မထွက်နိုင်တော့တဲ့အတွက် သူသမီး တိုနီရာနစ် ကို ခေါ်ယူကာ “ငါတစ်ခုလုပ်နေတဲ့ ဒါကိုဆက်လုပ်သွားချင်တယ် ငါအသက်ရှင်နေသရွေ့ လဆန်းပိုင်းလောက်မှာ ဆေးဆိုင်ကို ဒေါ်လာ ၁၀၀ သွားလှူပေးပါ” လို့ ပြောဆိုခဲ့ပါတယ်။

တောင်းဆိုချက်ကို မအံ့သြဘူးလို့ နစ်က ပြောပါတယ်။ လေတပ်စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်တဲ့ သူမရဲ့ ဖခင်ဟာ ရပ်ရွာနဲ့ နိုင်ငံအတွက် လေးလေးနက်နက် ဂရုစိုက်ခဲ့ပြီး အခြားသူတွေကို တတ်နိုင်သမျှကူညီဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြောပါတယ်။

မစ္စတာဟိုဒီဟာ ဇန်နဝါရီလ ၁ ရက် ၂၀၂၃ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး သေဆုံးချိန်မှာတော့ အသက် ၈၀ နှစ်အရွယ် ရှိပြီဖြစ်ပါတယ်။ ဟိုဒီသေဆုံးသွားခဲ့ပေမယ့် ဟိုဒီရဲ့ စေတနာသတင်းကတော့ လူမှုအသိုင်းအဝိုင်းနဲ့ မီဒီယာတွေမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။

ဒီဇတ်လမ်းကို အခုသီတင်းပတ်အတွင်း Washington Post က ဖော်ပြခဲ့ပြီးတဲ့နောက် ဆေးဆိုင်ရန်ပုံငွေ ဆက်လက်တည်မြဲနေစေဖို့အတွက် နိုင်ငံတစ်ဝှမ်းက ဖုန်းခေါ်ဆိုမှုတွေကို စတင်လက်ခံနေရပြီလို့ ဆေးဆိုင်ပိုင်ရှင် မစ္စဝေါကာက ပြောပါတယ်။

ဟိုဒီရဲ့ သမီးဖြစ်သူ မစ္စနစ်ကလည်း သူမရဲ့ ဖခင်မရှိတော့ပေမယ့် သူမဖခင်ရဲ့ ကြင်နာမှုက လူအသိုင်းအဝိုင်းရဲ့ အရေးပါမှုကို အမှတ်ရစေတယ်လို့ ပြောဆိုခဲ့ပါတယ်။

— ကိုးကား —
BBC
Ref; Alabama man secretly helped pay strangers’ prescriptions for years

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။