Trending Now

ဆယ်စုနှစ်အတွင်း စံချိန်တင်ရေခမ်းခြောက်မှုဖြစ်ခဲ့သည့် အင်းတော်ကြီးကန်သို့ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး လာရောက်ကြည့်ရှု့

Spread the love

ဆယ်စုနှစ်အတွင်း စံချိန်တင်ရေခမ်းခြောက်မှုဖြစ်ခဲ့သည့် အင်းတော်ကြီးကန်သို့ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး လာရောက်ကြည့်ရှု့

EPN
အင်းတော်ကြီး၊ ဇွန် ၇

ဆယ်စုနှစ်အတွင်း စံချိန်တင်ရေခမ်းခြောက်မှုဖြစ်နေသည့် ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ အင်းတော်ကြီးကန်သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းနှင့်အဖွဲ့သည် ဇွန်လ ၆ ရက်နေ့က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အင်းတော်ကြီးကန်သို့ စီးဝင်သည့် အရှည် ၄ မိုင်၊ အကျယ် ပေ ၈၀၊ အနက် ၇ ပေခန့်ရှိ ခေါင်းတုံးချောင်း ရှင်းလင်းရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရပြီး အင်းတော်ကြီးကန်အတွင်းသို့ သဲနှုန်းများ မကျဆင်းအောင် ရွှေကျင်းဟောင်းများကို ရေစစ်ကန်များ ပြုလုပ်ပြီး စီးဆင်း ၀င်ရောက်စေဖို့ ၀န်ကြီးမှ တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။

“အင်းတော်ကြီးကန်ထဲကို သဲနှုန်းများ မကျရောက်အောင် ချောင်းအလယ် ကျောက်ဆင်ရုပ် ရွှေကျင်းဟောင်း များကို ရေစစ်ကန်များပြုလုပ်ပြီးစီးဆင်းစေမှာသာ ကန်ထဲကို သဲနှုံးများ ရေနှောက်များ မကျရောက်စေမှာဖြစ်တယ်” ဟု ၀န်ကြီးက ပြောသည်။

ယခုဆိုလျှင် အင်းတော်ကြီးကန်တွင် ရေခမ်းခြောက်မှုများ ဖြစ်ပွားလျှက်ရှိပြီး ဒေသအခေါ် နတ်လမ်း ဟု ခေါ်ဆိုသည့် သဲသောင်ကြီး တစ်ခု ပေါ်ထွန်းလျှက်ရှိနေပြီး ရွှေမဉ္ဇူရေလယ်ဘုရားသို့ပင် အရောက်သွား နိုင်သည့်အထိ ဖြစ်ပေါ်လျှက်ရှိသည်။

အင်းတော်ကြီးပတ်ဝန်းကျင် ဂေဟစနစ်ပျက်စီးရခြင်းမှာ တရားမဝင်သစ်ခုတ်ခြင်း ခိုးထုတ်ခြင်း တရားမဝင် ရွှေမျှောများက စီးဆင်းလာသည့် ရေနောက်များ သဲနှုံးများ ရွံ့နွှံများ အင်းထဲဝင်ခြင်း ရာသီဥတု
ဖောက်ပြန်ခြင်း စသည့် အချက်များကြောင်း အင်းကောလာပြီး မိုးရေလုံလောက်မှု မရှိသည့်အတွက် ယင်းကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း အင်းတော်ကြီးဒေသ တောအုပ် ဦးစိုးမြင့်က ပြောပြသည်။

“ယခုမြင်တွေ့နေရတာကတော့ ဒေသအခါ် နတ်လမ်းပေါ့ နောက်နှစ်တွေမှာ တာဝန်ရှိသူများ ဒေသခံများ ဝိုင်းဝန်း မစောင့်ရှောက်ရင် ဒီထက်မကမြင်ရပြီး အင်းကြီးသိမ်ကောပြီးဘုရားကိုပင် ကားများဖြင့် အရောက်သွားလို့ရတဲ့ အနေအထားပင်ဖြစ်သွားနိုင်တယ်” ဟု ၄င်းက သုံးသပ်ပြောဆိုသည်။

အင်းတော်ကြီအိုင်သည် ရမ်ဆာရေ၀ပ်ဒေသ အဖြစ် သတ်မှတ်ခံထားရသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ရေချို ရေအိုင် ဖြစ်သည်။ လက်ရှိတွင် အင်းတော်ကြီးရွှေမဉ္ဇူဘုရား နတ်လမ်းအား နေ့စဉ် ဘုရားဖူးရင်း လာရောက်များ စည်ကားလျှက်ရှိပြီး ကြည့်ရှုသူ ထောင်နှင့်ချီရှိကြောင်း သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။