Trending Now

အကြမ်းဖက်လုပ်ရပ်မျိုးများရှိနေသရွေ့ ပြည်သူများလုံခြုံနေဦးမည်လော

Spread the love

အကြမ်းဖက်လုပ်ရပ်မျိုးများရှိနေသရွေ့ ပြည်သူများလုံခြုံနေဦးမည်လော 
EPN
အယ်ဒီတာ့အာဘော်၊ သြဂုတ် ၁၈ 
တိုင်းရင်းသားလက်နက်ကိုင်၊ မဟာမိတ်အဖွဲ့များဖြစ်ကြသော AA, TNLA, MNDAA တို့မှ ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ်နှင့် နောင်ချိုမြို့နယ်ရှိ နေရာငါးနေရာတွင် ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားနှစ်ဦး အပါအဝင် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၅ဦးခန့် သေဆုံးပြီး ဒဏ်ရာရရှိသွားသူများလည်း ရှိခဲ့သည်။ 
ယခုလို တည်ငြိမ်အေးချမ်းနေသော ပြင်ဦးလွင်မြို့အနီးအထိ တိုက်ခိုက်ခံရသည့် သတင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများလည်း အထူးပင်ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရပေသည်။ ထို့ အပြင် များစွာ စိတ်မကောင်းဖြစ်ရပေသည်။ 
မိမိတို့ ပြည်နယ်၊ ဒေသ လွတ်မြောက်ရေးအတွက် လက်နက်ကိုင်လှုပ်ရှားမှုများ မည်သို့ပင် ရှိနေပါစေ အပြစ်မဲ့ပြည်သူများနှင့် အများပိုင်အဆောက်အအုံများကို လက်နက်အင်အားသုံး ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးခြင်းသည် နှစ်ဖက်လက်နက်ကိုင်အကြား ရင်ဆိုင်တိုက်ခိုက်ခြင်းမဟုတ်ဘဲ အကြမ်းဖက်မှု သက်သက်ဖြစ်သည်။ 
ထို့အပြင် သြဂုတ်လ ၁၇ ရက်နေ့ကလည်း နှစ်ဖက်စစ်ရေးတင်းမာသောအခြေအနေကြောင့် ဒုက္ခရောက်သူများကို ကူညီရန်သွားသည့် လားရှိုးမြို့လူငယ်များလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ သေဆုံးကာ အဖွဲ့ဝင် သုံးဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ထို့အတူ လားရှိုး-မူဆယ် တရုတ်နယ်စပ်ဒေသနှင့် မြန်မာနိုင်ငံအလယ်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်း မှ ကုန်သွယ်ရေးလုပ်ငန်းများအတွက် လုံခြုံမှုမရှိတော့ကြောင်း မီးမောင်းထိုးပြသလို ဖြစ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများအနေနှင့် ယင်းဒေသများ တရားဥပဒေစိုးမိုးမှု အပြည့်အဝရှိရေးကို စနစ် တကျ စီစဉ်ဆောင်ရွက်ပေးကြရန် အထူးလိုအပ်ပေသည်။ 
လက်နက်ကိုင်ဆောင်သူအချင်းချင်း မည်သို့ပင် တိုက်ခိုက် တိုက်ခိုက် ယင်းကဲ့သို့ ဒေသခံ ပြည်သူများ နှစ်နာစေသည့် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ခြင်းသည် စိတ်မကောင်းစရာ လုပ်ရပ်ဖြစ် သလို ယင်းလုပ်ရပ်မျိုးကို ကန့်ကွက်ရှုတ်ချကြောင်း ဖေါ်ပြလိုသည်။ တပ်မတော်ဘက်မှ တစ်ဘက်သတ် အပစ်ရပ်စဲပြီး ငြိမ်းချမ်းရေးလမ်းစဉ်အတွက် ဆွေးနွေးရန် စိုင်းပြင်းနေချိန်မှာ ယခုကဲ့သို့သော အကြမ်းဖက် လုပ်ရပ်မျိုးသည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို များစွာပျက်ပြားစေသည်။ 
မြန်မာပြည်သူများက နိုင်ငံတော်၏ အဓိက ဦးတည်ချက်ကြီးတစ်ခုဖြစ်သည့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သော မျှော်လင့်ချက်မှေးမှိန်သွားသလို ခံစားနေကြမည်။ လက်ရှိ ဖြစ်နေသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် သက်ဆိုင်သည့် ပြည်တွင်း စစ်ပြဿနာကြီး တွင် သယံဇာတခွဲဝေရေး ကိစ္စကြောင့် ပဋိပက္ခများဖြစ်ပွားနေသည်ဟု လေ့လာစောင့်ကြည့်သူများက ယေဘုယျ ပြောဆိုကြသော်လည်း မည့်သည့်အကြောင်းရင်းကြောင့်ဖြစ်နေပါစေ၊ မည်သည့် ဒေသတွင်မဆို စစ်ပွဲများဖြစ်ပွားပါက ယင်းစစ်ပွဲဖြစ်ပွားရာ နေရာဒေသများရှိ ပြည်သူလူထုများ၏ နေထိုင်ရေး၊ စားဝတ်နေရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေး စသည့် ကဏ္ဍများတွင် ဆုံးရှုံးနှစ်နာ ဆုတ်ယုတ်မှုများ မြင့်မားလာမည်မှာ ဧကန်မလွှဲပင်ဖြစ်သည်။ 
အထူးအရေးကြီးသည်မှာ မိမိတိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့နေထိုင်ရာ နယ်မြေအတွက် တိုက်ပွဲဝင်နေပါသည်ဟု မည်သို့ပင်ကြွေးကြော်နေပါစေ အပြစ်မဲ့သူများနှင့် အများသွားလာနေသည့် လမ်း၊ တံတားများ၊ အဆောက်အအုံများ သေကြေပျက်စီးအောင် လုပ်ဆောင်မှုမျိုးသည် အကြမ်းဖက်သူတို့၏ လမ်းစဉ်သာဖြစ်သည်။ 
ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် အထက်ပါ အကြမ်းဖက်လုပ်ရပ်မျိုးများ မလုပ်ဆောင်မိစေရန် သတိချပ်စေလိုကြောင်းနှင့် နိုင်ငံတော်အစိုးရမှလည်း ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် မပျက်စီးအောင် ကာကွယ်ရမည့်တာဝန်လည်း အပြည့်အဝရှိပါကြောင်း ဖော်ပြလိုရင်းဖြစ်သည်။ 
အယ်ဒီတာ
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်
Eternally Peace News Network (EPN)

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။