Trending Now

ပန်ဆောင်မြို့တွင် မိုးသီးများ ကြွေကျခဲ့မှုကြောင့် အဆောက်အဦး နှစ်ဆယ်ကျော် ပျက်စီးဆုံးရှုံး

Spread the love

ပန်ဆောင်မြို့တွင် မိုးသီးများ ကြွေကျခဲ့မှုကြောင့် အဆောက်အဦး နှစ်ဆယ်ကျော် ပျက်စီးဆုံးရှုံး

EPN
မြစ်ကြီးနား၊ ဧပြီ ၈ (၂၀၂၄)

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့တွင် ဧပြီလ ၆ ရက်နေ့က မိုးသီးများကြွေကျခဲ့မှုကြောင့် အဆောက်အဦး နှစ်ဆယ်ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၆ ရက်နေ့၊ နေ့လည်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုနှင့်အတူ မိုးသီးများစွာ ကြွေကျခဲ့သည့်အတွက် လူနေအိမ်အဆောက်အအုံများ၊ ကျောင်းဆောင်များ၊ ဌာနဆိုင်ရာရုံးအချို့ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ပန်ဆောင်မြို့နေ ပြည်သူ တစ်ဦးထံမှ သိရသည်။

” ဖြစ်တာက ၆ရက်နေ့က ဖြစ်တာပါ။ မိုးလည်းကြီး။ လေပြင်းလည်း တိုက်တယ်။ မိုးသီးတွေလည်း ကျတော့ သွပ်မိုးအိမ်တွေ အတော်များများ ပျက်စီးသွားတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ မိုးသီးကြွေကျမှုကြောင့် ပန်ဆောင်မြို့ အုပ်ချုပ်ရေးမှူးရုံး၊ အုပ်ချုပ်ရေးမှူး နေအိမ်၊ အ.ထ.က ကျောင်းမှဝန်ထမ်းအိမ်ရာ (၃) လုံး၊ KG ဆောင် (၁) လုံး၊ အောင်ဆန်းခန်းမ (၁) လုံး၊ အထက်ရပ်ကွက်စျေးတန်း (၉) လုံး၊ ပန်ဆောင်မြို့မဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် ဆေးဆိုင် (၁) ဆိုင်၊ စိုက်ပျိုးရေးရုံး၊ ဆက်သွယ်‌ရေးရုံးရှိ အဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းမိုးသီးကြွေကျခြင်းနှင့် လေပြင်းများတိုက်ခိုက်မှုကြောင့် လူနှင့် အိမ်မွေးတိရိစ္ဆာန်များ သေဆုံးမှုမရှိသော်လည်း ပျက်ဆီးမှုတန်ဖိုးမှာ ကျပ် (၂၁၄)သိန်းကျော်ရှိကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။