Trending Now

ပုပ္ပားတောင်တွင် လာမည့် ဖေဖော်ဝါရီ ၁၈ ရက်၌ အမှိုက်ကောက်ကမ်ပိန်း ပြုလုပ်မည်

Spread the love

ပုပ္ပားတောင်တွင် လာမည့် ဖေဖော်ဝါရီ ၁၈ ရက်၌ အမှိုက်ကောက်ကမ်ပိန်း ပြုလုပ်မည်

EPN
ကျောက်ပန်းတောင်း၊ ဖေဖော်ဝါရီ ၁၀ (၂၀၂၄)

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်တွင် လာမည့် ဖေဖော်ဝါရီ ၁၈ ရက်၌ အမှိုက်ကောက် ကမ်ပိန်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဆောင်ပြုလုပ်သူများထံမှ သိရသည်။

ပုပ္ပားတောင်မကြီးပေါ်၌ အမှိုက်များအလွန်များပြားနေသဖြင့် ပုပ္ပားတောင်မကြီး သန့်ရှင်းရေးအတွက် ဖေဖော်ဝါရီ ၁၈ ရက်၊ နံနက် ၆ နာရီခွဲမှ စတင်၍ ဒေသခံများနှင့်အတူ အနယ်နယ်အရပ်ရပ်မှ လာရောက်အားဖြည့်ကူညီသူ (၂၀၀)ဦးကျော်တို့ဖြင့် အမှိုက်များကောက်သွားမည်ဖြစ်ကြောင်း သိရသည်။

” ပုပ္ပားတောင်မကြီးပေါ်မှာ အမှိုက်တွေများနေတဲ့အတွက် ရှင်းချင်လို့ပါ။ နောက်ပြီး ဒီလိုနေရာက သဘာဝခရီးသွားနေရာ ဖြစ်တဲ့အတွက် အမှိုက်နဲ့ပတ်သတ်ပြီး အသိတရား ရစေချင်လို့ပါ ” ဟု ဦးဆောင်ပြုလုပ်သူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ အမှိုက်ကောက်ရာ၌ အမှိုက်အိတ်များကို ပလပ်စတစ်အိတ် အသုံးပြုခြင်းမရှိဘဲ ဆွေးမြေ့လွယ်သည့် ဆာလာအိတ်များကို အသုံးပြုသွားမည်ဖြစ်ကာ လက်နှင့်ကိုင်တွယ်ရန် မသင့်သော အမှိုက်များအတွက်သာ ပလပ်စတစ်လက်အိတ် အနည်းငယ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

” အမှိုက် ပြန်မဖြစ်စေချင်တဲ့အတွက် အတတ်နိုင်ဆုံး ပလပ်စတစ်လက်အိတ် မသုံးတာပါ။ အမှိုက်ကောက်ကမ်ပိန်းမှာ ပါဝင်တဲ့သူတွေအတွက် လက်သန့်ဆေးရည် ထောက်ပံ့ပေးပါမယ်။ တောင် ခြေမှာ တည်းတဲ့အဖွဲ့က တောင်ခြေကနေအမှိုက်တွေကောက်လာပြီး တောင်ပေါ်ကိုတက်မယ်။ တောင်ထိပ်မှာ တည်းတဲ့အဖွဲ့က တောင်ထိပ်၊ တောင်စောင်း၊ ချိုင့်ဝှမ်းတွေလို ခက်ခဲတဲ့နေရာတွေက အမှိုက်တွေကောက်ကြမှာပါ။ ဒါ့ကြောင့် အတွေ့အကြုံရှိသူတွေကို ဖိတ်ခေါ်ထားပါတယ်။ လူဦးရေပေါ် မူတည်ပြီး သတ်မှတ်နေရာအလိုက် အဖွဲ့ငယ်တွေ ခွဲပေးမှာပါ။ အမှိုက်ကောက်တဲ့သူ အကုန်လုံးက နေ့လည် ၁ နာရီကြရင် ဦးနုဇရပ်မှာ ဆုံကြပါမယ် ” ဟု ဦးဆောင်ပြုလုပ်သူတစ်ဦးက ပြောသည်။

၎င်းအပြင် နေ့လည် ၁ နာရီခွဲ၌ ပုပ္ပားတောင်ထိပ်ရှိ ဦးနုလွင်ပြင်တွင် အားလုံးစုံညီစကားပြောကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်အချို့မှလည်း အသိပညာပေး ပြောကြားမှုများ ပြုလုပ်ပြီးနောက် မွန်းလွဲ ၂ နာရီခွဲတွင် တောင်အောက်သို့ ပြန်ဆင်းမည်ဖြစ်ကြောင်း သိရသည်။

ပုပ္ပားတောင်သည် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်အကွာ ကျောက်ပန်းတောင်း – တောင်သာ – မြင်းခြံသွား ကားလမ်းမဘေးတွင်တည်ရှိပြီး တောင်ထိပ်တောင်ကုန်းပေါင်းများစွာရှိကာ အမြင့် (၄၉၈၁)ပေရှိပြီး၊ တောင်ထိပ်တောင်ကုန်းပေါင်း (၃၀) ကျော် ဝန်းရံနေသဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။