Trending Now

ဈေးကစားဖို့ ဆန်သိုလောင်ထားသူတွေကို ဖမ်းဆီးအရေးယူမယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော

Spread the love

ဈေးကစားဖို့ ဆန်သိုလောင်ထားသူတွေကို ဖမ်းဆီးအရေးယူမယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၃

မလေးရှားနိုင်ငံမှာ မကြာသေးမီက ထိတ်လန့်တကြားဝယ်ယူမှုတွေကြောင့် နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ စူပါမာကတ်တွေနဲ့ ကုန်စုံဆိုင်တွေမှာ ဆန်ပြတ်လပ်မှုဖြစ်ပွားခဲ့ပြီးနောက် အစိုးရက ဆန်အလုံအလောက်ရရှိနိုင်ကြောင်း အာမခံထားတယ်လို့ သိရပါတယ်။

အိန္ဒိယနဲ့ အခြား ၁၈ နိုင်ငံက ကမ္ဘာ့ဆန်ဈေးကွက်ကိုတင်ပို့ရောင်းချမှု ကန့်သတ်လိုက်ပြီးကတည်းက မလေးရှားအပါဝင် နိုင်ငံအများအပြားဟာ ဆန်ဈေးနှုန်းမြင့်တက်မှုနဲ့ ထောက်ပံ့မှု နည်းပါးခြင်းတွေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

တင်သွင်းဆန်ဈေးတက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ထောက်ပံ့မှုပြဿနာကို ဖြေရှင်းဖို့အတွက် အစိုးရက ကျေးလက်ဒေသတွေကို ဖြန့်ဝေမှု တိုးမြှင့်သွားမယ်လို့ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး မိုဟာမက်ဆာဘူက အောက်တိုဘာ ၂ ရက်နေ့က ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၁ ရက်က တင်သွင်းလာတဲ့ ဆန်ဖြူးဈေးနှုန်းဟာ ၃၆ ရာခိုင်နှုန်းမြင့်တက်လာတဲ့အတွက် မလေးရှားနိုင်ငံသားအများအပြားက တစ်ကီလိုဂရမ်ကို ရင်းဂစ် ၂.၆၀ (ဝ.၅၅ ဒေါ်လာ) နဲ့ ရောင်းချဖို့ အစိုးရကသတ်မှတ်ထားတဲ့ ပြည်တွင်းဆန်ကို ရွေးချယ်လာကြတယ်လို့ သိရပါတယ်။

“တကယ်တော့ ကျွန်တော်တို့နိုင်ငံမှာ ဆန်ပြတ်လပ်မှု မရှိပါဘူး။ တင်သွင်းလာတဲ့ ဆန်ဈေးနှုန်းသာ သိသိသာသာ တက်လာတာပါ။ ပြည်သူတွေကို စိတ်ငြိမ်ငြိမ်ထားပြီး လိုအပ်တာကိုပဲ ဝယ်ပါလို့ ထပ်ပြီး သတိပေးချင်ပါတယ်။” လို့ မိုဟာမက်ဆာဘူက ပြောပါတယ်။

ဒီကိစ္စကို ဖြေရှင်းဖို့ အချိန်ယူရမယ်လို့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က တနင်္လာနေ့နှောင်းပိုင်းမှာ ပြောကြားခဲ့ပြီး စစ်တပ်၊ ရဲစခန်းနဲ့ ပညာရေးဌာနတွေကဲ့သို့ အစိုးရဌာနတွေကို တင်သွင်းဆန် ရင်းဂစ်သန်း ၄၀၀ (ဒေါ်လာ ၈၅ သန်း)ဖိုး ထောက်ပံ့မယ်လို့ ဆိုပါတယ်။ ဒါဟာ ပြည်တွင်းဆန်တွေကို ဈေးကွက်အတွင်းမှာ ပိုမိုရရှိစေဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆန်တွေကို ဈေးကစားဖို့ သိုလှောင်ထားတဲ့ ဘယ်သူကိုမဆို ဖမ်းဆီးရေးယူသွားမယ်လို့ သူက သတိပေးခဲ့ပါတယ်။” ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခကို အရင်းခံပြီး ဒီလို ယုတ်ညံ့တဲ့ လုပ်ရပ်ကို လုပ်ရဲတဲ့သူ ဘယ်သူမဆို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူမှုကို ရင်ဆိုင်ရလိမ့်မယ်” ဝန်ကြီးက ပြောပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ကနေ စတင်ကာ ဆန်လက်ကားရောင်းချသူတွေနဲ့ အရောင်းဆိုင်တွေကို အာဏာပိုင်တွေက စောင့်ကြည့်စစ်ဆေးသွားမှာဖြစ်သလို အမြတ်အစွန်းပိုမိုရရှိဖို့အတွက် ပြည်ပကတင်သွင်းလာတဲ့ ဆန်နဲ့ ပြည်တွင်းဆန် ရောနှောရောင်းချသူတွေကိုလည်း အရေးယူသွားမယ်လို့ သိရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ဆန်အကျပ်အတည်းနဲ့ စားနပ်ရိက္ခာဖူလုံရေးတို့ကို ဖြေရှင်းဖို့အတွက် မလေးရှားက အာဆီယံအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။