Trending Now

ပွင့်လင်းရာသီနှင့် လျှပ်စစ်ဝါယာရှော့ခ် (ပေါ့ဆမီး) အန္တရာယ်

Spread the love

ပွင့်လင်းရာသီနှင့် လျှပ်စစ်ဝါယာရှော့ခ် (ပေါ့ဆမီး) အန္တရာယ်

EPN
ဆောင်းပါး၊ နိုဝင်ဘာ ၃၀

ရန်သူငါးပါးထဲက ဒုတိယရန်သူဖြစ်တဲ့ ”မီး”ဟာ အသက်အိုးအိမ်စည်းစိမ်တွေကို အချိန်တိုအတွင်း ဖျက်ဆီးပစ်နိုင်တဲ့ ရန်သူပါ။ ဆုံးရှုံးနစ်နာမှု အကြီးအကျယ် ဖြစ်စေနိုင်တဲ့ မီးဘေးကို ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ မြစ်ကြီးနားမြို့မှာဆိုရင်လည်း ယခု ပွင့်လင်းရာသီ ရောက်လာတာနဲ့အတူ မီးလောင်မှုသတင်းတွေကိုလည်း နေ့စဥ်နဲ့အမျှ တွေ့မြင်လာရပါတယ်။ ဖြစ်စဥ်တွေကို ကြည့်ရင်လည်း လျှပ်စစ်မီး အပူလွန်ကဲမှုကနေ ဖြစ်ပေါ်တတ်တဲ့ ပေါ့ဆမီးကြောင့် အများဆုံး ဖြစ်ရတာကို တွေ့မြင်ရမှာပါ။

ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ နည်းပညာတွေ တစ်နေ့ တခြား တိုးတက်လာနေတဲ့ ယနေ့ကမ္ဘာကြီးမှာ လျှပ်စစ်မီးက ၂၄ နာရီပတ်လုံး လိုအပ်ချက်ဖြစ်နေပါတယ်။ ဒါ့ကြောင့် လျှပ်စစ်မီးကို စနစ်တကျ သုံးစွဲတတ်ရင် လွန်စွာအကျိုးဖြစ်ထွန်းသလို နည်းမှန် လမ်းမှန် မသုံးစွဲဘူးဆိုရင် အသက်သေဆုံးရသည်အထိ အန္တရာယ်များလွန်းပါတယ်။ မြန်မာနိုင်ငံရဲ့ ဥတု ရာသီမရွေး၊ ချိန်ခါမရွေး ဖြစ်ပေါ်နေတဲ့ မီးဘေး အန္တရာယ်တွေမှာ မီးလောင်ရတဲ့အကြောင်းတရားတွေထဲမှာ လျှပ်စစ်မီး (မီးခလုတ်များ)ကို ကိုင်တွယ်သုံးစွဲသူရဲ့ မေ့လျော့မှု၊ ပေါ့လျော့မှုတွေကြောင့် ဖြစ်ပေါ်ရတဲ့ ပေါ့ဆမီး အန္တရာယ်က အများဆုံး ဖြစ်ပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းတွေထဲမှာ လျှပ်စစ်ကို စနစ်တကျ မသုံးစွဲတတ်တာလည်း ပါပါတယ်။ မီးဖိုချောင်မှာ လျှပ်စစ်ကို အမြဲတစေ အသုံးပြုနေရတဲ့ အိမ်ရှင်မတွေကို လျှပ်စစ်နဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေ ရှင်းလင်းပြောပြထားသင့်ပါတယ်။ ချက်ပြုတ်နေတုန်း မီးဖိုနဲ့ ဝေးရာ ထွက်သွားတာမျိုး မလုပ်ဖို့၊ မီးဖိုနားမှာ လောင်စာ၊ အမှိုက်သရိုက်တွေ မထားဖို့၊ မီးလောင်လွယ်တဲ့ စက္ကူ၊ အဝတ်စ၊ မီးခြစ်လို အရာတွေကို မီးဖိုနား မထားမိစေဖို့ အရေးကြီးပါတယ်။ ချက်ပြုတ်နေချိန်မှာ အဝတ်အစား ဖိုသီဖက်သီဖြစ်နေရင် မီးနဲ့ထိပြီး မီးလောင်တာမျိုး ဖြစ်နိုင်ပါတယ်။ မီးအသုံးပြုပြီးတာနဲ့ မီးကြွင်းမီးကျန် မရှိအောင်၊ လုံးဝငြိမ်းသွားအောင် ဂရုတစိုက် စောင့်ကြည့်တာမျိုး လုပ်သင့်ပါတယ်။လျှပ်စစ်မီးအားကို ခံနိုင်ဝန်ထက် ပိုသုံးရင်လည်း အန္တရာယ်ရှိပါတယ်။ အိမ်အပြင်ဘက်ကို ထွက်တော့မယ်ဆိုရင်လည်း လျှပ်စစ်မီးခလုတ်တွေ သေသေချာချာ ပိတ်ဖို့၊ မီးကြွင်းမီးကျန်တွေမရှိအောင် စစ်ဆေးဖို့ လိုပါတယ်။

တစ်မိသားစုမှသည် တစ်တိုင်းပြည်လုံး လျှပ်စစ် မီးကို ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ဖို့အတွက် လျှပ်စစ်နဲ့ပတ်သက်ပြီး ရှောင်ရန်၊ဆောင်ရန် နည်းလမ်း ကောင်းတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။ လျှပ်စစ် ဓာတ်အားကို ဘယ်သောအခါမျှ ပေါ့လျော့စွာ အသုံးမပြုပါနှင့်။ ရေစိုသောလက်ဖြင့် ခလုတ်များ ဖွင့်ခြင်း/ ပိတ်ခြင်း၊ Socket နှင့် Plug များအား ဖြုတ် ခြင်း/ တပ်ခြင်း စသည်တို့ လုံးဝမပြုလုပ် ပါနှင့်။လျှပ်စစ်မီတာပုံး၊ လျှပ်စစ်ဓာတ်အားလိုင်း တို့ကိုလည်း ခွင့်ပြုချက်မရှိဘဲ မိမိသဘော ဖြင့် ကိုင်တွယ်ပြုပြင်ခြင်း မပြုရ။ ဓာတ်တိုင်များအပေါ် မည်သည့်အကြောင်း ကြောင့်မျှ မတက်ပါနှင့်။ ဟန်းဖုန်းများ၊ ကွန်ပျူတာများကိုလည်း ဘက်ထရီအားဖြည့်ရာ၌ လိုအပ်ချိန်ထက် ပိုမိုကြာမြင့်စွာ အားဖြည့်ခြင်း မလုပ်သင့်ပေ။ ထိုသို့ပြုလုပ်ခြင်းက ဘက်ထရီလောင်စေရုံ မျှမက စက်ပစ္စည်းသက်တမ်းလည်း လျော့ သွားစေပါတယ်။မလိုအပ်သော မီးချောင်း၊ မီးလုံး၊ မီးခလုတ် များကို မပိတ်ဘဲထားရှိခြင်း၊ လူရှိသည်ဖြစ် စေ/ မရှိသည်ဖြစ်စေ ပန်ကာ(သို့မဟုတ်) လေအေးပေးစက်များကို ဆက်တိုက် ဖွင့်ထားခြင်းက ဓာတ်အားလေလွင့်စေရုံ မျှမက အပူလောင်ကာ မီးလောင်ကျွမ်းစေ တတ်ပါတယ်။

လျှပ်စစ်ကြိုးများကို သံဆန်ခါ၊ သွပ်မိုး၊ သံထည်ပစ္စည်း စသည့် လျှပ်ကူးပစ္စည်းများ နှင့် ထိတွေ့၊ ချည်နှောင်၊ သွယ်တန်းသုံးစွဲ ခြင်းမပြုရ။ ယာယီအသုံးပြုသည့် ဝိုင်ယာကြိုးပျော့များ နှင့် Extension Board များကို ၂၅ ပေထက် ကျော်လွန်အသုံးမပြုပါနှင့်။ ရှည်လျား ရှုပ်ထွေးစွာအသုံးမပြုပါနှင့်။ ယင်းတို့မှ ထပ်မံဆင့်ပွား၊ ဖောက်ကူးသုံးစွဲခြင်းများ မပြုလုပ်ဖို့လိုပါတယ်။

ကလေးငယ်များကို မီးခလုတ်၊ ပလပ်ပေါက်များ ဆော့ကစားခြင်းမပြုရန်နှင့် လျှပ်စစ် အန္တရာယ် လွန်စွာကြောက်စရာကောင်း ကြောင်း သင်ပြပါ (ဖြစ်နိုင်လျှင် ဓာတ်လိုက် စေနိုင်သည့် ပစ္စည်းများကို ကလေးများ မတွေ့ထိနိုင်သည့်နေရာတွင်ထားပါ)။ ကွဲအက်ပျက်စီးနေသော မီးခလုတ်၊ မီးခေါင်း၊ ပလပ်ပင် စသည့်လျှပ်စစ်ပစ္စည်းများကို ဆက်လက်သုံးစွဲခြင်းမပြုဘဲ ကျွမ်းကျင်နားလည်သော လျှပ်စစ်လုပ်သားများဖြင့်သာ အမြန်လဲလှယ်သုံးစွဲပါ။

လျှပ်စစ်မီးပျက်နေလျှင်သော်လည်း ကောင်း၊ လျှပ်စစ်ပစ္စည်းကိရိယာများ ပျက်စီးချို့ယွင်းနေလျှင်သော်လည်းကောင်း၊ ၎င်းတို့ကို တပ်ဆင်ခြင်း/ ပြင်ဆင်ခြင်းများ ပြုလုပ်ပါက မိမိကိုယ်တိုင် ပြင်ဆင်မှုကို လုံးဝမလုပ်ဘဲ လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်ရရှိထားသူ ကျွမ်းကျင်သူများနှင့် သာ ဆက်သွယ်ဆောင်ရွက်ပါ။ လျှပ်စစ်ကြိုး၊ လျှပ်စစ်ပစ္စည်း၊ လျှပ်ကူး ပစ္စည်းမှန်လျှင် ဓာတ်အားရှိနိုင်သည်ကို အမြဲယူဆပါ။ ထို့ကြောင့် အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများ၏ ပလပ်ခေါင်းများကို ဆော့ကတ်များမှ ဖြုတ်ထားသင့်ပါတယ်။ လျှပ်စစ်ပစ္စည်းကိရိယာများ သုံးစွဲနေစဉ် ဓာတ်အားပြတ်တောက်သွားပါက ဓာတ် အားဆက်သွယ်မှုခလုတ်ကို ချက်ချင်း ပိတ်ရန် မမေ့ပါနှင့်။ရိုးရိုးမီးလုံး၊ မီးချောင်းများအစား ဓာတ်အား သက်သာစေသည့် Energy Saving Lamps များကို သုံးစွဲခြင်းက လျှပ်စစ်မီးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်သလို မီတာခလည်း သက်သာစေပါတယ်။

မိသားစုများ နေအိမ်မှ အပြင်သို့ သွားလာကြမည်ဆိုပါက ပင်မခလုတ် (Main Switch) ကို ပိတ်ခဲ့ပါ။ လျှပ်စစ်ကြောင့် အပူလွန်ကဲမီးလောင်ခြင်း၊ ဓာတ်လိုက်ခြင်း စသည့် လျှပ်စစ်အန္တရာယ် များ ဖြစ်ပေါ်ပါက မိန်းခလုတ်ကို အမြန် ပိတ်ပါ။လျှပ်စစ်ပစ္စည်းကိရိယာများ၊ မီးပလပ်၊ ခလုတ်၊ ဝိုင်ယာကြိုး စသည်တို့တွင် ကွဲအက်၊ ပျက်စီး၊ ဆွေးမြည့်၊ ပေါက်ပြဲမှုများ ဖြစ်ပေါ် ပါက ဆက်လက်အသုံးမပြုဘဲ စနစ်တကျ ဖြုတ်သိမ်းလဲလှယ်ပါ။ လေအေးပေးစက် Air Con များ၏ အပူချိန် ကို နေသာထိုင်သာရှိသည့် ၂၄ – ၂၅ ဒီဂရီ စင်တီဂရိတ်ခန့်တွင်သာ အသုံးပြုခြင်းက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် လျှပ်စစ် ဓာတ်အား ချွေတာသုံးစွဲရေးအတွက် လွန်စွာထိရောက်မှုရှိစေပါတယ်။ ဒါတွေက ဆောင်ရန်၊ ရှောင်ရန် အချက်တွေပဲ ဖြစ်ပါတယ်။ အရေးအကြီးဆုံးတစ်ချက်အနေနဲ့က လက်ရှိ အိမ်တွေမှာ သုံးစွဲနေတဲ့ လျှပ်စစ်ဝါယာကြိုးတွေပဲ ဖြစ်ပါတယ်။ တစ်ချို့အိမ်တွေမှာဆိုရင် နှစ်ကာလကြာမြင့်စွာ သွယ်တန်းထားတဲ့ ကြိုးတွေကို ယနေ့အထိ သုံးစွဲနေတာတွေက အလွန် အန္တရာယ်များပါတယ်။ လျှပ်စစ်ဝါယာကြိုးတွေရဲ့ သက်တမ်းကို အထူးသတိပြုရမှာ ဖြစ်ပါတယ်။ မိမိအိမ်မှာ သွယ်တန်းထားတဲ့ လျှပ်စစ်ဝါယာကြိုးတွေက သက်တမ်းလွန်နေပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေကို ခေါ်ယူပြီးအသစ်လဲလှယ်ရမှာဖြစ်ပါတယ်။ ကုန်ကျမှုအနည်းငယ်ကို တွက်ချက်ပြီး နှောင့်နှေးနေမယ်ဆိုရင် ကုန်ကျမှုကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ကြုံတွေ့နိုင်စေမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်က အရည်အသွေး မပြည့်မီတဲ့ လျှပ်စစ်ဝါယာကြိုးတွေကို အသုံးပြုတာပဲ ဖြစ်ပါတယ်။ အရည်အသွေးအပြည့်မီတဲ့အတွက် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲပြီး မီးလောင်မှုတွေ ဖြစ်ပွားနေတာကို ကြည့်ရင်သိမြင်နိုင်ပါတယ်။ ရေရှည်အတွက်ဆိုရင် အရည်အသွေး ပြည့်မီတဲ့ ကြိုးတွေကိုသာ အသုံးပြုသင့်ပါတယ်။

မီးလောင်ပြီဆိုရင်လည်း ပြည်သူတွေအနေနဲ့ သတိရှိဖိူ့ အထူးလိုအပ်ပါတယ်။ မီးလောင်ရင် ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့ ဆောက်တည်ရာမရ ဖြစ်နေတာမျိုးက အန္တရာယ်ပိုများပါတယ်။ မီးသတ်ဆေးဘူးရှိရင် မီးသတ်ဆေးဘူးနဲ့ ဖျန်းတာမျိုး၊ ဒါမှမဟုတ် မီးသတ်ဦးစီးဌာနကို ချက်ချင်းအကြောင်းကြားတာမျိုး လုပ်သင့်ပါတယ်။ ကြိတ်ပြီး ငြှိမ်းသတ်တာမျိုးကလည်း အန္တရာယ်များပါတယ်။ တချို့ မီးလောင်ကျွမ်းမှုတွေမှာ ကျိတ်ပြီးငြှိမ်းနေရင်း အခြေအနေပိုဆိုးသွားလို့ မဖြစ်သင့်တာတွေ ဖြစ်ရတာမျိုး ရှိပါတယ်။

မီးလောင်တဲ့အခါ မြင့်တဲ့အပိုင်းမှာ ဓာတ်ငွေ့တွေရှိပြီး ကြမ်းပြင်နဲ့နီးတဲ့အပိုင်းမှာ အောက်ဆီဂျင်ပါတဲ့ လေအလွှာရှိလို့ ကြမ်းပြင်မှာ တွားသွားပြီး အခန်းအပြင်ရောက်အောက် ထွက်ပါ။ ကယ်ဆယ်သူတွေ အလွယ်တကူ သိနိုင်အောင် အရောင်ဖျော့တဲ့အဝတ်နဲ့ အချက်ပြပါ။ ခန္ဓာကိုယ်မှာ မီးစွဲလောင်နေပြီဆိုရင် မပြေးပါနဲ့။ ကြမ်းပြင်ပေါ်ကို လှဲချပြီး ဟိုဘက်၊ ဒီဘက်လိမ့်ပါ။ တကယ်လို့ အခွင့်သင့်တယ်ဆိုရင် လက်ကိုင်ပဝါ၊ စွပ်ကျယ် အစရှိတဲ့ အဝတ်ပါးပါးကို ရေစွတ်ပြီး နှာခေါင်းနဲ့ပါးစပ်ကို ပိတ်ထားပါ။ ဒါဆိုရင် အသက်ရှူလမ်းကြောင်းထဲကို မီးခိုးတွေ မဝင်အောင် ဟန့်တားနိုင်ပါတယ်။ မီးလောင်တဲ့အခါ ဓာတ်လှေကားကို အသုံးပြုလို့ မရနိုင်ပါဘူး။ ခေါင်မိုးပေါ် တက်ပြေးတာမျိုးမလုပ်ပါနဲ့။ မီးက အထက်ဘက်ကို လောင်ကျွမ်းလေ့ရှိတာ သတိပြုဖို့ လိုပါတယ်။

အထူးသတိပြုရမယ့် အချက်တစ်ချက်လည်းရှိပါတယ်။ ပြည်သူတွေအနေနဲ့ မီးလောင်ပြီဆိုရင် လမ်းပိတ်ဆို့ပြီး ကြည့်ရှုတာတွေ မလုပ်ဖို့အရေးကြီးပါတယ်။ အခုက ဆိုလ်ရှယ် မီဒီယာပေါ်ကို သူ့ထက်ငါ ဦးစွာတင်နိုင်ဖို့ တိုးကြိတ်ပြီး ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးမှုတွေကို ပြုလုပ်လာကြတာတွေ တွေ့မြင်နေရလို့ ဖြစ်ပါတယ်။ ဒီလိုလုပ်တာတွေက ပြည်သူတွေအတွက် အသက်အန္တရာယ်ကိုလည်း ဖြစ်နိုင်သလို တာဝန်ရှိ မီးသတ်တွေ အချိန်မီ မီးငြှိမ်းသတ်ဖို့အတွက် လမ်းပိတ်ဆို့မှုတွေကို ဖြစ်ပေါ်စေနိုင်လို့ပါပဲ။ သူခိုး ခိုးရင် အစုပ်ကျန်၊ မီးခိုးရင် အပြုတ်နှံ ဆိုသလိုပဲ မီးဘေးကြုံရင် ဘဝပျက်သည်အထိ ကြုံတွေ့နိုင်တာကို သတိပြုဖို့၊ ပွင့်လင်းရာသီ မီးဘေးအန္တရာယ် ကင်းရှင်းစေဖို့ နှိုးဆော်ရေးသား လိုက်ရပါတယ်။

ကောင်းဇေ ရေးသည်။
ဓါတ်ပုံ – EPN Photo News

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။