Trending Now
Spread the love

ရုရှားက ရှုံးနိမ့်ဖို့ မဖြစ်နိုင်တဲ့အတွက် ယူကရိန်းမှာ စစ်ဆင်ရေးကို ဆက်လုပ်မယ်လို့ ပူတင် ကတိပြု

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စစ်မြေပြင်မှာ သူ့နိုင်ငံဟာ ရှုံးနိမ့်ဖို့ ဖြစ်နိုင်ခြေမရှိဘူးလို့ ဆိုရင်းနဲ့ ယူကရိန်းမှာ အထူးစစ်ဆင်ရေးလို့သူခေါ်ဆိုတဲ့ စစ်ဆင်ရေး တစ်ရပ်ကို ဆက်ပြီး လုပ်ဆောင်ဖို့ ကတိပြုလိုက် ပါတယ်။

သမ္မတပူတင် ဟာ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှု စတင်တာ တစ်နှစ်ပြည့်မယ့် နှစ်ပတ်လည် မတိုင်ခင် ၃ ရက်အလိုဖြစ်တဲ့ အင်္ဂါနေ့က မော်စကိုမှာ နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။

ယူကရိန်းရဲ့ neo-Nazi အစိုးရ လို့ သူခေါ်ဆိုတဲ့ ယူကရိန်းအစိုးရရဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားမယ့် စစ်ဆင်ရေးကို ရုရှားက ဆက်လက် လုပ်ဆောင်ပြီး စိန်ခေါ်မှုတွေကို တစ်ဆင့်ပြီး တစ်ဆင့် ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

အနောက်နိုင်ငံတွေဟာ စစ်ပွဲတစ်ခုပြင်ဆင်ဖို့ ယူကရိန်းကို အသုံးချနေတာဖြစ်ပြီး ရုရှားက အဲဒါကို ရပ်တန့်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

ရုရှားရဲ့ နူကလီးယားလက်နက်တိုက်ရဲ့ ၉၁ ရာခိုင်နှုန်းကျော်ဟာ နောက်ဆုံးပေါ်ခေတ်မီနည်းပညာတွေနဲ့ တပ်ဆင်ထားတာ ဖြစ်တယ်လို့ သူ့က ထည့်သွင်းပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့အကြားချုပ်ဆိုထားတဲ့ New START လို့ခေါ်တဲ့ နျူကလီးယားလက်နက် ထိန်းချုပ်ရေးဆိုင်ရာ သဘောတူစာချုပ်ကနေ နုတ်ထွက်ဖို့ မစီစဉ်ထားပေမယ့် ရုရှားရဲ့ ပါဝင်မှုကို ရပ်ဆိုင်းထားတယ်လို့ သူက ကြေညာခဲ့ပါတယ်။

အမေရိကန်ဟာ နျူကလီးယားလက်နက် စမ်းသပ်မှု အသစ်တွေ လုပ်ဆောင်ဖို့ စဉ်းစားနေတယ်လို့ သူက စွပ်စွဲပြောဆိုခဲ့ပြီး အမေရိကန်က အဲဒီလို စမ်းသပ်မှုတွေ လုပ်ဆောင်ရင် ရုရှားကလည်း လုပ်မှာ ဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ရုရှားဟာ အနောက်နိုင်ငံတွေရဲ့ နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

Source : NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။