Trending Now

မြစ်ကြီးနားမြို့တွင် H1N1 ရောဂါပိုးတွေ့ရှိသူ ၁၃ရှိပြီး ၁ဦးသေဆုံး

Spread the love

မြစ်ကြီးနားမြို့တွင် H1N1 ရောဂါပိုးတွေ့ရှိသူ ၁၃ရှိပြီး ၁ဦးသေဆုံး
EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၂
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဇွန်လ နောက်ဆုံးပတ်မှ ဇူလိုင်လ ဒုတိယအပတ်အထိ H1N1 ရောဂါပိုးတွေ့ရှိသူ ၁၃ရှိပြီး ယင်းထဲမှ ၁ ဦး သေဆုံးခဲ့ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားဆေးရုံကြီးမှ အထူးကု သမားတော်ကြီး ဒေါက်တာနေဝင်းက ပြောဆိုလိုက်သည်။
ဇူလိုင်လ ၂၀ရက်နေ့ မြစ်ကြီးနားဆေးရုံကြီး အစည်းဝေးခန်းမဆောင်တွင်  ပြုလုပ်သည့် မြစ်ကြီးနားမြို့နယ်အတွင်း သွေးလွန်တုတ်ကွေးဖြစ်ပွားမှု အခြေအနေများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် ၎င်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က တစ်မြို့လုံးကို တစ်နှစ်လုံးရဲ့ တုပ်ကွေးဖြစ်ပွားမှုကို စစ်ပြီးတော့ စောင့်ကြည့်နေတာ ဟုတ်ပါတယ်၊ လတိုင်းလတိုင်း စစ်နေတဲ့ အဖြေတွေရှိပါတယ်။ ၆လပိုင်းထိကို H1N1 မတွေ့ပါဘူး ၆ လပိုင်း ကုန်ခါနီးတစ်ပတ်အလိုမှာ စတွေ့တာ ၇ လပိုင်းမှာ ၈ယောက်တွေ့ပါတယ် နောက်ထပ် လေးယောက် ထပ်တွေ့တယ်၊ အားလုံး ၁၃ ယောက်ရှိပါပြီး”ဟု ၎င်းက ပြောဆိုသည်။
ယင်းသို့ ရောဂါပိုးတွေ့ရှိသူများထဲမှ ၁ဦးမှာ ဆီချိုရောဂါအခံနှင့် အဆုပ်အအေးမိခြင်းရောဂါပိုးများစုံကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ကချင်ပြည်နယ်အတွင်း H1N1 ရောဂါပိုးတွေ့ရှိသူများမှာ ပြင်ပလူနာဆောင်မှ ရောက်ရှိလာသူများဖြစ်ပြီး လက်ရှိအချိန်တွင် ရောဂါ သက်သာသွားသည့်အတွက် နေအိမ်များတွင် ပြန်လည်နေထိုင်လျက်ရှိပြီး ၎င်းတို့ကို စောင့်ကြည့် လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။
လက်ရှိအချိန်ကာလမှာ သွေးလွန်တုပ်ကွေး၊ ရိုးရိုးတုပ်ကွေး ၊ ဆင်တုပ်ကွေး စသည့် ရောဂါများ အဖြစ်များနေပြီး ယင်းထဲမှ သွေးလွန်တုပ်ကွေးရောဂါနှင့် ရာသီတုပ်ကွေးရောဂါပိုးမှာ လူကို သေစေနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ဂရုပြုရန်လိုအပ် ၎င်းက ပြောသည်။
“သွေးလွန်တုပ်ကွေး၊ ရိုးရိုးတုပ်ကွေး၊ ဆင်တုပ်ကွေး ဒီလို ရောဂါပိုးတွေ နှစ်မျိုးသုံးမျိုးစုံလာတဲ့အခါကျရင် ကျွန်တော်တို့ဆေးကုတဲ့သူတွေအတွက် အင်မတန်ခက်ပါတယ်၊ အဲ့ဒီထဲမှာမှ သေနိုင်တဲ့ ပိုးက သွေးလွန်တုပ်ကွေးသာ ရှိတဲ့အတွက် ကျန်းမာရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး လုပ်ဆောင်ကြဖို့ ပြောချင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ယင်းရောဂါသည် ကူးစက်ခံရချိန်က စတင်၍ တစ်ရက် မှ လေးရက်အတွင်းရောဂါ လက္ခဏာများ စတင်ပေါ်ပေါက် လာနိုင်ပြီး လက္ခဏာများမှာ အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်  (၁၀၀ ဒီဂရီဖာရင်ဟိုက်) နှင့်အ ထက်ဖျားခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုး ခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ် လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းစသည့် ရောဂါ လက္ခဏာများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ယင်းထက် ပြင်းထန်လာပါက  အဖျားကြီးလွန်းခြင်း၊ ချောင်းအ လွန်ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ အသက်ရှူကျပ် ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသက်ရှူနှုန်းမြန်ဆန်ခြင်း၊ ဂနာမ ငြိမ်ဖြစ်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး  ယင်းသို့ဖြစ်ပေါ်ပါ  က နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကုသမှုခံယူရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နှိုးဆော်ထားသည်။
ရာသီတုပ်ကွေး H1N1 ရောဂါ ကြောင့် ယခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် ဇူလိုင် ၂၁ ရက်အထိ သေဆုံးသူ ၆၅ထိ ရှိလာပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိုးဝေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။