Trending Now

မြစ်ကြီးနား-ဗန်းမော် လေကြောင်းလိုင်း ယနေ့မှ စတင်ကာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ

Spread the love

မြစ်ကြီးနား-ဗန်းမော် လေကြောင်းလိုင်း ယနေ့မှ စတင်ကာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ

EPN
မြစ်ကြီးနား ၊ မတ် ၁၅ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ဗန်းမော်မြို့သို့ လေကြောင်းလိုင်းပြေးဆွဲမှုများကို ယနေ့ မတ်လ (၁၅) ရက်နေ့မှ စတင်ကာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြစ်ကြီးနားလေဆိပ်မှသိရသည်။

မတ်လ (၇)ရက်နေ့မှ စတင်ကာ ဗန်းမော်မြို့လေဆိပ်အနီး တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် လေကြောင်းလိုင်းများကို ယာယီပိတ်ထားခဲ့ရာမှ ယနေ့မှ စတင်ကာ မြစ်ကြီးနား-ဗန်းမော်လေကြောင်းလိုင်းကို ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြစ်ကြီးနားလေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” မတ်လ (၇)ရက်နေ့လောက်က ဗန်းမော်လေဆိပ်အနီး တိုက်ပွဲတွေဖြစ်နေတာကြောင့် လေကြောင်းခရီးနဲ့ သွားလာကြတဲ့ ခရီးသည်တွေအတွက် လေကြောင်းလိုင်းတွေကို ယာယီပိတ်ထားခဲ့တယ်။ လက်ရှိမှာတော့ မြစ်ကြီးနားကနေ ဗန်းမော်ကို ပြေးဆွဲနေပြီ။ ဒီနေ့မတ်လ (၁၅)ရက်နေ့ကနေ စဆွဲနေတာ ပုံမှန်ဆို တစ်ပတ်ကို (၂)ရက် ခရီးသည်များရင် ၃၊၄ ရက်ဆွဲတယ် ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မြစ်ကြီးနားလေဆိပ်မှ မြန်မာ့လေကြောင်း၊ မန်းရတနာပုံ၊ မင်္ဂလာလေကြောင်းလိုင်း၊ MAI လေကြောင်းလိုင်းစသည့် လေကြောင်းလိုင်း (၄)လိုင်းပြေးဆွဲလျက်ရှိရာ မြစ်ကြီးနားမှ မန္တလေး သို့ လေယာဉ်လက်မှတ်ခ ၃သိန်းဝန်းကျင်နှင့် မြစ်ကြီးနားမှ ရန်ကုန်သို့ လေယာဉ်လက်မှတ်ခ ၄သိန်းဝန်းကျင် ဝယ်ယူနေရကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။