Trending Now

ဆွစ်ဇာလန် ရထားပေါ်က တွေ့ရှိခဲ့တဲ့ ပိုင်ရှင်မဲ့ ရွှေချောင်းတွေကို ကြက်ခြေနီအသင်း လက်ခံရရှိ

Spread the love

ဆွစ်ဇာလန် ရထားပေါ်က တွေ့ရှိခဲ့တဲ့ ပိုင်ရှင်မဲ့ ရွှေချောင်းတွေကို ကြက်ခြေနီအသင်း လက်ခံရရှိ

EPN
နိုင်ငံတကာ၊ ဩဂုတ် ၂၆

ဆွစ်ဇာလန် ရထားပေါ်မှာ လျှို့ဝှက်ဆန်းကြယ်စွာ တွေ့ရှိခဲ့တဲ့ ရွှေချောင်း ၁၂၀ ကို ကြက်ခြေနီအသင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဆွစ်ဇာလန်အစိုးရ ရှေ့နေတွေက ဩဂုတ်လ ၂၅ ရက်နေ့က ပြောပါတယ်။

၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ စိန့် ဂါလန်ကနေ လူဆဲန်ကို သွားတဲ့ ရထားပေါ်မှာ ပိုင်ရှင်မဲ့ အထုပ်တစ်ထုပ်ကို ရထားအမှုထမ်းတစ်ဦးက တွေ့ရှိခဲ့ပြီး အထုပ်ပေါ်မှာတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကို ရည်ညွှန်းထားတဲ့ ” “ICRC အဖိုးတန်ပစ္စည်းများ” ဆိုတဲ့ စာသားကို ထင်ရှားစွာ ရေးသားထားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

“အထုပ်မှာ လိုဂိုနဲ့ အမှတ်စဉ် နံပါတ်တွေ တံဆိပ်တပ်ထားတဲ့ ရွှေချောင်း ၁၂၀ ပါရှိပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး စုစုပေါင်းအလေးချိန် ၃.၇ ကီလိုဂရမ်ရှိကြောင်း သိရပါတယ်။

တန်ဖိုး ဘယ်လောက်ရှိတယ်ဆိုတာကို ထုတ်ပြန်ချက်မှာ ဖော်ပြမထားပေမယ့် ၂၄ ကာရက်ရွှေချောင်းတွေဟာ တစ်ကီလိုကို အမေရိကန်ဒေါ်လာ ၆၀,၀၀၀ ဝန်းကျင်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။

“ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းမှုတွေလုပ်ဆောင်ခဲ့ပေမယ့် ရွှေချောင်းပိုင်ရှင်ကို မဆုံးဖြတ်နိုင်သေးပါဘူး။ ဒါကြောင့် ရွှေပိုင်ရှင်ရော၊ ပိုင်ဆိုင်မှု ရာဇဝတ်မှုနဲ့ ဆက်နွှယ်မှုကို မဆုံးဖြတ်နိုင်ပါဘူး” လို့ ဆိုကာ အစိုးရရှေ့နေတွေက အမှုကို ပိတ်သိမ်းခဲ့ပါတယ်။

“ရွှေတွေ ICRC ထံ လိပ်မူထားတဲ့ အထုပ်တစ်ခုထဲမှာ ရှိနေတဲ့အတွက် အမည်မသိ ပိုင်ရှင်က ရွှေတွေကို ဒီအဖွဲ့အစည်းကို လွှဲပြောင်းပေးချင်တယ်လို့ ယူဆရပါတယ်။ ဒါကြောင့် ရှာဖွေတွေ့ရှိမှုကို ICRC ထံ လွှဲပြောင်းပေးခဲ့ပါတယ်” လို့ အစိုရရှေ့နေရုံးက ပြောပါတယ်။

ကြက်ခြေနီအဖွဲ့က ရွှေတွေကို လက်ခံရယူထားခြင်းမရှိသေးပေမယ့် အကြမ်းဖက်မှုနဲ့ ပဋိပက္ခဖြစ်ပွားရာနေရာတွေကို ကူညီဖို့အတွက် ရန်ပုံငွေရရှိဖို့ ရွှေချောင်းတွေကို ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

“ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို တည်တံ့ခိုင်မြဲရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသည့် ICRC အား ရက်ရောစွာ ပံ့ပိုးကူညီမှုအတွက်ကျေးဇူးတင်ရှိပါကြောင်း” အဖွဲ့အစည်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။