Trending Now

ဖားကန့်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်

Spread the love

ဖားကန့်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်

EPN
ဖားကန့်၊ ဧပြီ ၁၁

ဖားကန့်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီများအား ထောက်ပံ့ပေးအပ်ရာ၊ အဆိုပါ ထောက်ပံ့ပေးမှုများအား ယနေ့ ဧပြီလ(၁၁) ရက် နံနက်ပိုင်းအချိန်က မြို့နယ်မှ တာဝန်ရှိသူများကိုယ်တိုင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ရွှေ့ပြောင်းအလုပ်သမား လူဦးရေ လေးသိန်းကျော်ရှိနေရာ မြေပြင်ကွင်းဆင်းစစ်ဆေးကောက်ယူရရှိသည့် အိမ်ထောင်စု (၃၂၂၈၈)စု ရှိနေပြီး၊ ယင်းအိမ်ထောင်စုအားလုံးကို ထောက်ပံ့ပေးအပ်ပါက ကျပ်သိန်းပေါင်း(၅၀၀၀) ကျော် ကုန်ကျမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးတင့်စိုးကပြောသည်။

“အိမ်ထောင်စု သုံးသောင်းကျော်အတွက် ပြည်နယ်အစိုးရကို ခန့်မှန်းကုန်ကျစရိတ်တင်ပြခဲ့ပါတယ်။အစိုးရက ဖားကန့်ဒေသအတွက် ထောက်ပံ့စရိတ် ကျပ်သိန်း (၁၆၇၅)သိန်း ချထားပေးလာတဲ့အတွက် မူလစာရင်းတွက်ထားတဲ့ အိမ်ထောင်စုတွေရဲ့ သုံးပုံတစ်ပုံသာ ပေးအပ်နိုင်တော့မှာ ဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ဆိုသည်။

အဆိုပါ ကွာဟမှုများအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်စုများရှိ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးတိုင်ပင်ခဲ့ပြီး၊ အမှန်တကယ် ရသင့်ရထိုက်သူများ လက်ဝယ်ရရှိစေရန်နှင့် နိုင်ငံတော်၏ စေတနာနှင့် ပေးအပ်သည်များအား ပြည်သူများအကြားတွင် ဝေဒနာ မဖြစ်စေရန်အတွက် ပြည်သူများအား တောင်းပန်အပ်ပါကြောင်း ၎င်းမှထပ်မံပြောကြားသည်။

ယင်းကဲ့သို့ ဆွေးနွေးညှိနှိုင်းမှုများအရ ကျေးရွာများတွင် အမှန်တကယ် လိုအပ်သူများအား ပြန်လည်စီစစ်၍ ရသင့်ရထိုက်သူများအား ပေးဝေသွားရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း ငြိမ်းချမ်းသာယာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

နိုင်ငံတော်အစိုးရမှ ပေးအပ်လှူ ဒါန်းသော ပစ္စည်း (၅)မျိုးမှာ အိမ်ထောင်စုတစ်ခုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်သွန်နီ (၁)ပိသာ၊ ဆား(၅၀) ကျပ်သား၊ ပဲ(၁)ပိသာ ဖြစ်ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းအချိန်က ဖားကန့်မြို့ပေါ်(၅)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအား ပေးအပ်လှူ ဒါန်းရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင့်စိုး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ သိက္ခာတော်ရ ဆရာတော် ဦးဘီတူးဂျာနှင့် မြို့မိ၊ မြို့ဖများ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ဖားကန့်)မှ ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။

သတင်း – နောင်ရိုး
ဓါတ်ပုံ – မြို့နယ်အုပ်ချုပ်ရေးမှူးရုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။