Trending Now

မြစ်ကြီးနား ရွှေညောင်ပင်ရပ်ကွက်တွင် လူငယ် တစ်ဦး မူးယစ်ဆေးဝါး သုံးစွဲရင်း ရှော့ဖြစ် သေဆုံး

Spread the love

မြစ်ကြီးနား ရွှေညောင်ပင်ရပ်ကွက်တွင် လူငယ် တစ်ဦး မူးယစ်ဆေးဝါး သုံးစွဲရင်း ရှော့ဖြစ် သေဆုံး

EPN
မြစ်ကြီးနား၊ မတ် ၂၂

မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်အတွင်းတွင် လူငယ်တစ်ဦး မူးယစ်ဆေးဝါး သုံးစွဲရင်း ရှော့ဖြစ်ကာ သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု မတ်လ ၂၂ ရက် ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ယင်းပတ်ဝန်းကျင်၌ နေထိုင်သူများထံက သိရသည်။

သေဆုံးသူမှာ အသက် (၂၁)ခန့် အရွယ် လူငယ်အမျိုးသား တစ်ဦးဖြစ်ပြီး မူးယစ်ဆေးသုံးစွဲလွန်ကာ အိပ်ရာထဲတွင် သေဆုံးနေခြင်း ဖြစ်ကြောင်း ယင်းနေရာသို့ ရောက်ရှိခဲ့သူ တစ်ဦးက ယခုကဲ့သို့ ပြောပြသည်။

“ကောင်လေးက တာလောကြီးဘက်ကပါ မြစ်ကြီးနားရောက်တာ နှစ်ပတ်လောက်ပဲ ရှိသေးတယ်လို့ သိရတယ်၊ နံပတ်ဖိုး သုံးရင်း သေတာလို့ သိရတယ်၊ သူနားမှာ ဖုန်းက ဂိမ်းလဲ ဖွင့်ထားရက်ကြီးနဲ့ လူကတော့ မှောက်ခုံထိုင်ရက် သေနေတာ တွေ့ရတယ်၊ ရပ်ကွက်က လူကြီးတွေရော၊ ရဲတွေရော လူမှုကူညီရေးအသင်းတွေလဲ ရောက်လာတယ်၊ အလောင်းကို ရင်ခွဲရုံပို့ဖို့ တင်သွားကြတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ဧရာဝတီဂရုဏာ (အခမဲ့) လူမှုကူညီရေးအသင်း၏ အကူအညီဖြင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံသို့ ယနေ့ နံနက်ပိုင်းတွင်ပင် ပို့ဆောင်လိုက်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်အချို့တွင် ယခုကဲ့သို့ မူးယစ်ဆေးဝါး သုံးစွဲရင်း ဆေးလွန် ရှော့ဖြစ်ကာ သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီ သေဆုံးသူ အများစုမှာ အသက်နှစ်ဆယ်ဝန်းကျင် လူငယ် များ ဖြစ်ကြသည်ဟု မြို့ခံများထံက သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။