Trending Now

ထိုင်းဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ရဖွယ်ရှိနေ

Spread the love

ထိုင်းဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ရဖွယ်ရှိနေ

EPN
နိုင်ငံတကာ၊ မေ ၁၆

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရပြီးနောက် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ သူ့ရဲ့ နိုင်ငံရေးတာဝန်ကို ဆက်လက်လုပ်ဆောင်နိုင်မယ် မထင်ဘူးလို့ ညီညွတ်သော ထိုင်းအမျိုးသားအဖွဲ့ချုပ် (UTN)ရဲ့ လက်ထောက်ခေါင်းဆောင် သန်နာခွန် က မေလ ၁၅ ရက်နေ့မှာ ပြောပါတယ်။

ထိုင်းအမျိုးသားအဖွဲ့ချုပ်အောက်မှာ ဝန်ကြီးချုပ်နေရာကို အရွေးခံနေတဲ့ အသက် ၆၉ နှစ်အရွယ် ပရာယွတ်ကို ရည်ညွန်းပြီး “သူပြောမပြသေးပေမယ့် အနားယူသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ သန်နာခွန်က ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ အတိုက်အခံပါတီတွေဖြစ်တဲ့ ရှေ့သို့လှမ်းချီ ပါတီက အမတ်နေရာ ၁၅၂ နေရာနဲ့ ပထမ၊ ဖြူးထိုင်းပါတီက ၁၄၁ နေရာနဲ့ ဒုတိယ ရရှိထားပေမယ့် ဝန်ကြီးချုပ် ပရာယွတ်ရဲ့ ထိုင်းအမျိုးသားအဖွဲ့ချုပ်ပါတီကေတာ့ ၃၆ နေရာနဲ့ ပဉ္စမနေရာမှာ ရှိနေပါတယ်။

မစ္စတာ သန်နာခွန်က ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ထောက်ခံကြောင်း ဖော်ပြခဲ့ပြီး ရှစ်နှစ်ကျော် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးကို ချီးကျူးစကား မျှဝေခဲ့ပါတယ်။

“တိုင်းပြည်အတွက် တသက်လုံး အလုပ်လုပ်ခဲ့တယ်။ နိုင်ငံ့ဝန်ကြီးချုပ်အဖြစ် ရှစ်နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုင်းတနိုင်ငံလုံးက ပြည်သူတွေက တိုင်းပြည်အတွက် အများကြီးလုပ်ပေးပြီး အဂတိလိုက်စားမှု လုံးဝမရှိခဲ့ဘူးဆိုတာလည်း သိတယ်။ အနည်းဆုံးတော့ ဗိုလ်ချုပ်ကြီး ပရာယွတ် ဒါမှမဟုတ် ဦးလေးတူးဟာ ထိုင်းတွေရဲ့ နှလုံးသားထဲမှာ အချိန်အကြာကြီး ရှိနေမယ်လို့ ယုံကြည်ပါတယ်။”” လို ပါတီဒုတိယခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ပရာယွတ်ဟာ ရွေးကောက်တင်မြောက်ထားတဲ့ သက်ဆင်နာဝပ်ဦးဆောင်တဲ့ အစိုးရကိုဖြုတ်ချဖို့ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး၂၀၁၄ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ပြင်ဆင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲ မကျင်းပခင် ထိုင်းနိုင်ငံကို သူက ငါးနှစ်နီးပါး အုပ်ချုပ်ခဲ့ပါတယ်။

အဲဒီအချိန်က ဗိုလ်ချုပ်ကြီး ပရာယွတ်ဟာ စစ်အစိုးရလိုလားတဲ့ ပါလန်ပရာချာရတ် ပါတီရဲ့ တစ်ဦးတည်းသော ဝန်ကြီးချုပ်လောင်းဖြစ်ပြီး ပါတီက နိုင်ငံရေးမဟာမိတ်တွေနဲ့ အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ပရာယွတ်ဟာ ရှစ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် နောက်ထပ်ရာထူးအတွက်မျှော်လင့်ကာ မေလ ၁၄ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲကို ညီညွတ်သော ထိုင်းအမျိုးသားအဖွဲ့ချုပ်ပါတီ အောက်ကနေ ဝင်ရောက်ပြိုင်ဆိုင်ခဲ့ပါတယ်။

ဒါပေမယ့် အတိုက်အခံ ပါတီတွေက အပြတ်အသတ် အနိုင်ရရှိသွားခဲ့ပြီး လက်ရှိမှာတော့ ရှေ့သို့လှမ်းချီ ပါတီနဲ့ ဖြူးထိုင်းပါတီတို့က အစိုးရဖွဲ့နိုင်ဖို့ လုံလောက်တဲ့ ထောက်ခံမှု ရရှိထားတယ်လို့ တနင်္လာနေ့မှာ ကြေညာခဲ့ကြပါတယ်။

လက်ရှိတွင် ညွန့်ပေါင်းအဖွဲ့မှာ ရှေ့သို့လှမ်းချီ ပါတီနဲ့ ဖြူးထိုင်းပါတီ အပါအဝင် ၆ ပါတီရှိပြီး အမတ်နေရာ ၅၀၀ ရှိတဲ့ အောက်လွတ်တော်မှာ အမတ်နေရာ ၃၁၀ အထိ ရရှိထားပြီဖြစ်ပါတယ်။

ဒါပေမယ့် ထိပ်ဆုံးမှာရပ်တည်နေတဲ့ ရှေ့သို့လှမ်းချီပါတီအနေနဲ့ နောက်ဆုံးမှာ အစိုးရကိုဖွဲ့နိုင်ပြီး ဝန်ကြီးချုပ်ရာထူးကို ဘယ်သူအနိုင်ရရှိမလဲဆိုတာတော့ မရေရာသေးပါဘူး။

ထိုင်းနိုင်ငံရဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်ရွေးချယ်ရာမှာ အောက်လွတ်တော်နဲ့ အထက်လွတ်တော်အမတ် ၂၅၀ ရှိနေတဲ့ လွတ်တော်နှစ်ရပ်စလုံး ပါဝင်ပါတယ်။

၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းပြီးတဲ့နောက် ဗိုလ်ချုပ်ကြီး ပရာယွတ် ဦးဆောင်တဲ့ အစိုးရဟာ အထက်လွတ်တော် အမတ်တွေကို ၂၀၁၉ ခုနှစ်မှာ ရွေးချယ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ ဝန်ကြီးချုပ်ဖြစ်လာဖို့ ကိုယ်စာလှယ်လောင်းတစ်ဦးဟာ လွတ်တော်နှစ်ရပ်စလုံးက ထောက်ခံမှု ထက်ဝက်ကျော်ကို ရရှိရမှာဖြစ်ပါတယ်။

ဆိုလိုတာက ရှေ့သို့လှမ်းချီပါတီဟာ ဝန်ကြီးချုပ်ရထူးနဲ့ အစိုးရဖွဲ့နိုင်ဖို့အတွက် လွတ်တော်နှစ်ရပ်စလုံးကဖြစ်စေ၊ အောက်လွတ်တော်ကပဲဖြစ်စေ ထောက်ခံမဲ ၃၇၆ မဲကို လိုအပ်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီးမှာ အထက်လွတ်တော် အမတ်တစ်ဦးကလွဲလို့ ကျန်အားလုံးဟာ ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ဝန်ကြီးချုပ်နေရာ မဲပေးခဲ့ကြပါတယ်။

Ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။