Trending Now

ယူကရိန်းအတွက် ရုရှားလုပ် တိုက်လေယာဉ်များ ပေးအပ်ရန် ပိုလန်ရဲ့ ကမ်းလှမ်းချက်ကို အမေရိကန်က ပယ်ချ

Spread the love

ယူကရိန်းအတွက် ရုရှားလုပ် တိုက်လေယာဉ်များ ပေးအပ်ရန် ပိုလန်ရဲ့ ကမ်းလှမ်းချက်ကို အမေရိကန်က ပယ်ချ

EPN

နိုင်ငံတကာ၊ မတ် ၉

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) မဟာမိတ်ပိုလန်က ရုရှားလုပ် MiG-29 တိုက်လေယာဉ်များကို ဂျာမနီရှိ အမေရိကန်အခြေစိုက်စခန်းမှ တဆင့် ယူကရိန်းသို့ လွှဲပြောင်းပေးရန် ကမ်းလှမ်းချက်ကို အမေရိကန်က ပယ်ချလိုက်ပါတယ်။

ယူကရိန်းသို့ လက်နက်ပေးပို့မှု အရှိန်မြှင့်ရန် အမေရိကန်က ကြိုးပမ်းခဲ့သော်လည်း မဟာမိတ် တိုက်ခိုက်ရေးလေယာဉ်များ စစ်ပွဲဇုန်သို့ ပျံသန်းမယ်ဆိုပါက နေတိုးမဟာမိတ်အဖွဲ့တစ်ခုလုံးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ပင်တဂွန်က ပြောဆိုခဲ့ပါတယ်။

နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အင်အားကြီးနိုင်ငံတွေနဲ့ တိုက်ရိုက် ပဋိပက္ခကို မလိုလားတာကြောင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က ယူကရိန်းကို တိုက်ခိုက်ဖို့ အမေရိကန်တပ်တွေကို စေလွှတ်ဖို့ ငြင်းဆိုထားပါတယ်။

ယူကရိန်းကို တိုက်ခိုက်ရေးလေယာဉ်များ ထောက်ပံရေးနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ က ပိုလန်နိုင်ငံရဲ့ အဆိုပြုချက်ကိုပြောဆိုခဲ့ပါတယ်။

ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက MiG-29 ဂျက်လေယာဉ်များကို ဂျာမနီရှိ ရမ်စတိန်းလေတပ်အခြေစိုက်စခန်းသို့ ဖြန့်ကျက်ချထားပြီး ယူကရိန်းကိုထောက်ပံ့ရန် အမေရိကန်ရဲ့ လက်ထဲမှ အဆင်သင့်ဖြစ်နေပြီလို့ ယမန်နေ့က ပြောဆိုခဲ့ပြီး အခြား မဟာမိတ်အဖွဲ့ဝင်များကိုလည်း အလားတူလုပ်ဆောင်ရန် တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်အနေနဲ့ အခြေအနေအရပ်ရပ်ကို အခြားနေတိုးမဟာမိတ်များနဲ့ ဆက်လက် ဆွေးနွေးတိုင်ပင်ပြီး ခက်ခဲသော ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပေမယ့် ပိုလန်ရဲ့ အဆိုပြုချက်က ခိုင်လုံမှုမရှိဘူးလို့ ဆိုပါတယ်။

“ကျွန်တော်သိသလောက်ပြောရရင် ဒီလေယာဉ်တွေကို ပေးမယ်လို့ ကျွန်တော်တို့နဲ့ ကြိုတင် တိုင်ပင်ထားတာ မဟုတ်ပါဘူး” အံ့အားသင့်စရာ လုပ်ဆောင်ချက်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက် ဗစ်တိုးရီးယား နူလန်ကပြောဆိုခဲ့ပါတယ်။

ယူကရိန်းကို စစ်ရေးအကူအညီများ ပေးပို့မှု အရှိန်မြှင့်ရန် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များက စိတ်အားထက်သန်နေပြီး လေယာဉ်လွှဲပြောင်းမှု အဆင်ပြေစေရန်အတွက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကို တိုက်တွန်းနေတယ်လို့ ဆိုပါတယ်။

ပိုလန်နိုင်ငံအနေဖြင့် ယူကရိန်းကို ခံစစ်လက်နက်များ ထောက်ပံ့နေသော်လည်း နေတိုးမဟာမိတ်မဟုတ်သည့် ယူကရိန်း-ရုရှားကြား ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်ပတ်သက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ရုရှားကို တိုက်ခိုက်ရန်အတွက် ယူကရိန်းအား လေကြောင်းအကူအညီပေးနေတဲ့ နိုင်ငံများအနေနဲ့ ပဋိပက္ခအတွင်းသို့ ဝင်ရောက်လာတယ်လို့ ယူဆနိုင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယခုသီတင်းပတ်တွင် သတိပေးပြောဆိုခဲ့ပါတယ်။

Source – CNA


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။