Trending Now

ပခုက္ကူမြို့နယ်က သားငါးအရောင်းဒိုင် အိမ် ဓားပြအတိုက်ခံရ၊ ရွှေထည်ပစ္စည်း နှစ်ပိဿာကျော်နဲ့ ငွေများ ပါသွား

Spread the love

ပခုက္ကူမြို့နယ်က သားငါးအရောင်းဒိုင် အိမ် ဓားပြအတိုက်ခံရ၊ ရွှေထည်ပစ္စည်း နှစ်ပိဿာကျော်နဲ့ ငွေများ ပါသွား

EPN
ပခုက္ကူ၊ အောက်တိုဘာ ၁၃

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ ကျွဲတဲကျေးရွာအုပ်စု၊ ရွှေချောင်းကျေးရွာမှာ မနေ့ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက နေအိမ် တစ်ခုမှာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းတွေနဲ့ ပိုက်ဆံတွေပါသွားတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

“ရွှေချောင်းက သားငါးအရောင်းဒိုင် ဦးထိန်လင်းရဲ့ အိမ်ကို မနေ့က ညနေပိုင်း မှာ ကားတစ်စီးနဲ့ လုပ်သေနတ်ကိုင် လူ ၅ ယောက်ရောက်လာပြီး ဓားပြတိုက်သွားတာပါ ၊ ကနဦး သိရတာက ရွှေထည်ပစ္စည်းမျိုးစုံ ၂ ပိသာနဲ့ ပိုက်ဆံ ၂၅ သိန်းကျော်ပါသွားတယ် ” လို့ ပခုက္ကူမြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ဓားပြမှုနဲ့ ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က “ရွှေထည်ပစ္စည်းမျိုးစုံပါသွားတယ်၊ အလေးချိန် စီစစ်နေတုန်းနဲ့ ပိုက်ဆံက သိန်း အစိတ် ပါသွားတာ၊ အမှုဖွင့်ဆောင်ရွက်နေတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း စက်တင်ဘာ ၂၃ ရက် ညနေပိုင်းကလည်း ပခုက္ကူစျေးနားက ဦးသိန်းမောင်ရဲ့ သားသမီးများရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၅၀ သားနဲ့ ကျပ်ငွေ သိန်း ၄၀ ကျော် ပါသွားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း စက်တင်ဘာ ၈ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန်က ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက်၊ သီရိမဂ်လာလမ်းမှာရှိတဲ့ ဦးသန်းထွန်း ရွှေသန့်စင်လုပ်ငန်း လုပ်ကိုင်တဲ့နေအိမ်ဟာ ဓားပြတိုက်ခံရပြီး ရွှေအလေးချိန် ၁၁ ကျပ်သားနဲ့ ပိုက်ဆံ သိန်း ၂ ရာကျော် ပါသွားတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

“ပခုက္ကူမြို့ပေါ်မှာ ရွှေဆိုင်နဲ့ ရွှေလုပ်ငန်းရှင် ဓားပြတိုက်ခံရတာ ဒီနှစ်ထဲ ၅ ကြိမ်ထက်မနည်းရှိခဲ့တယ်၊ လုယက်မှု ဓားပြမှုက ၁၀ ကြိမ်မကတော့ဘူး၊ မြို့ပေါ်မှာ အဲ့ဒီလို ခိုးဆိုးနှိုက်တွေ မကြာခဏဖြစ်နေတယ်ဆိုတော့ တတ်နိုင်သူတွေက ပခုက္ကူမြို့ပေါ်မှာ မနေရဲတော့လို့ မန္တလေး၊ ပြင်ဦးလွင်၊ နေပြည်တော်နဲ့ ရန်ကုန်ဘက်ကို ပြောင်းနေကြတယ်၊ လုပ်ငန်းကြီးသမားအများစုက ဒီရက်ပိုင်းမှာ သူတို့လုပ်ငန်းတွေ နားထားကြတာကို တွေ့ရတယ် ” လို့ ဒေသခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပခုက္ကမြို့ အမှတ် ၃ ရပ်ကွက် ၊ ကမ္မစျေးနားမှာရှိတဲ့ တော်ဝင်ကြယ် ရွှေရတနာဆိုင်ပိုင်ရှင် ဒေါ်လဲ့လဲ့ငြိမ်း ဆိုသူဟာ သေနတ်နဲ့ ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။