Trending Now

မြစ်ကြီးနားမြို့ပေါ်ရှိ ဈေး(၁)၊ ဈေး(၂) မိန်းလမ်းမများတွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းများကြောင့် ယာဉ်ကြော ပိတ်ဆို့မှုနေ့စဉ် ဖြစ်ပေါ်

Spread the love

မြစ်ကြီးနားမြို့ပေါ်ရှိ ဈေး(၁)၊ ဈေး(၂) မိန်းလမ်းမများတွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းများကြောင့် ယာဉ်ကြော ပိတ်ဆို့မှုနေ့စဉ် ဖြစ်ပေါ်

EPN
မြစ်ကြီးနား၊ မေ ၂၅

မြစ်ကြီးနားမြို့ ပေါ်ရှိ မြို့မဈေး (၁)၊ ဈေး (၂) မိန်းလမ်းမပေါ်တို့တွင် နေစဉ် ယာဉ်များ စည်းကမ်းမဲ့စွာ ရပ်တန့်ထားခြင်းများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ကာ လမ်းသွားလမ်းလာ အများပြည်သူများ စိတ်အနှောက်ယှက် ဖြစ်နေကြသည်ဟု မြို့ခံများထံက သိရသည်။

မြို့မဈေး၊ စည်ပင်သာ‌ယာဈေး၊ ရေစင်ကွင်းဈေးတို့၏ လမ်းတစ်လျောက်တွင် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များကို စည်းကမ်းတကျ ရပ်တန့်ထားမှု မရှိခြင်းကြောင့် နေ့စဉ် လမ်းပိတ်ဆို့ခြင်း၊ ယာဉ်တိုက်မှုများ စသည်တို့ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း ဈေးသူတစ်ဦးက ပြောပြသည်။

“နေ့လယ်ပိုင်းနဲ့ မနက်ညနေ ဈေးသိမ်းအချိန်တွေမှာဆို လမ်းအရမ်းကြပ်တယ် ကားတွေကလည်း လမ်းဘေးမှာ စည်းကမ်းမရှိဘူး၊ ကြုံသလို ဖြစ်သလို ရပ်ကြတယ် လမ်းပြောင်းပြန် ရပ်တဲ့ယာဉ်တွေလည်း အများကြီး၊ အဲ့ဒါကြောင့် ယာဉ်တိုက်တာတွေ၊ ယာဉ်ကြောပိတ်တာ မျိုးတွေ ခဏခဏ ဖြစ်‌တယ်၊ စည်းကမ်းမဲ့သူ‌တွေ၊ တစ်ကိုယ်ကောင်းသမားတွေကြောင်း အများဒုက္ခတွေ့ကြရတယ်။” ဟု ၎င်း ဆိုသည်။

အဆိုပါ ဈေးများ လမ်းများတစ်လျောက်တွင် ဆိုင်ကယ်များ အပ်ရန် (စတန်း ) ရှိသော်လည်း မော်တော်ယာဉ်များ ရပ်နားရန် နေရာ မရှိသည့်အတွက် လမ်းဘေး ဈေးဆိုင်ခန်းများ အရှေ့နှင့် မိန်းလမ်းမကြီးပေါ်တို့တွင် မော်တော်ယာဉ်များ လမ်းပြောင်းပြန် ရပ်နားနေကြသည့်အပြင် တစ်လမ်းမောင်း စနစ်ကိုလည်း အများစုမှာ လိုက်နာမှု မရှိကြသည့်အတွက် နေ့စဉ် ယာဉ်၊ လမ်းကြော ပိတ်ဆို့နေကြောင်း သိရသည်။

အဆိုပါ ယာဉ်‌ကြောပိတ်ဆို့မှုများ မဖြစ်စေရေးအတွက် သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အနေဖြင့် လမ်းပြောင်းပြန် ရပ်နားသည့်ယာဥ်များ၊ တစ်လမ်းမောင်း စနစ်လိုက်နာမှု မရှိသည့် ယာဉ်များအား နေ့စဉ် ကြပ်မတ် ဆောင်ရွက် ပေးရန် ‌လိုအပ်ကြောင်း ဈေးသူဈေးသားမက လမ်းသွားလမ်းလာ မိဘပြည်သူများက လိုလားနေကြသည်။

ယင်း ဈေးလမ်းတစ်လျောက်အား မော်တော်ယာဉ်များ ရပ်နားခြင်း၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်းများ မပြုလုပ်ကြရန် သက်ဆိုင်ရာ ယာဉ်အန္တရာယ် ကြီးကြပ်ရေး အဖွဲ့မှ လွန်ခဲ့သည့် သုံးနှစ်ခန့်ကတည်းက တားမြစ်ကြပ်မတ် ဖမ်းဆီးမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ဖမ်းဆီးအရေးယူမှုများ မမြင်ရသည့်အတွက် အဆိုပါ ဈေးလမ်းတို့တွင် နေ့စဉ် ‌ယာဉ်ကြောပိတ်ဆို့မှု၊ လမ်းကြပ်မှုတို့ ဖြစ်နေကြောင်း ဈေးသည် ဈေးဝယ် မိဘပြည်သူများ၏ ပြောပြချက်အရ သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။