Trending Now

လေယာဉ်လက်မှတ်များ တစ်ပတ်ကျော်ကြိုတင်မှာယူနေရသည့်အတွက် ခရီးသည်များ အခက်အခဲဖြင့်ကြုံတွေ့နေရ

Spread the love

လေယာဉ်လက်မှတ်များ တစ်ပတ်ကျော်ကြိုတင်မှာယူနေရသည့်အတွက် ခရီးသည်များ အခက်အခဲဖြင့်ကြုံတွေ့နေရ

EPN
မြစ်ကြီးနား၊ အောက်တိုဘာလ ၁၉

မြစ်ကြီးနားပြည်တွင်းလေကြောင်းခရီးစဉ်များတွင် ယခုကာလ ခရီးသွား လွန်စွာများပြားမှုများကြောင့် လေယာဉ်လက်မှတ်များမှာ တစ်ပတ်ကျော်ကြိုတင်မှာယူနေရသည့်အတွက် လေကြောင်းလိုင်းအသုံးပြုကာ ခရီးသွားလာနေသည့် ခရီးသည်များအနေဖြင့် အခက်အခဲများဖြင့်ကြုံတွေ့နေရကြောင့် ခရီးသွား လာသူ ပြည်သူများထံမှသိရသည်။

လေယာဉ်လက်မှတ်ခ ဈေးနှုန်းများမှာ ယခင်နှစ်များထက် ၃ဆကျော် မြင့်တက်နေသော်လည်း ခရီးသည်များနည်းပါးသွားခြင်းမရှိဘဲ ပိုမိုများပြားလာသလို ပြေးဆွဲနေသည့် လေကြောင်းလိုင်းနည်းပါးမှုကြောင့် ခရီးသည်များအခက်အခဲ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းအသုံးပြုကာ ခရီးသွားလေ့ရှိသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

“လေယာဉ်လက်မှတ်က သွားချင်တဲ့ ရက်ထပ် (၇)ရက်၊ တစ်ပတ်လောက် ကြိုမှာရတယ်။ အခုဆို သီတင်းကျွတ်ကာလဆိုတော့ပိုဆိုးတယ်၊လေကြောင်းလိုင်းကလဲ နည်းနေတော့ လက်မှတ်ဝယ်ရတာလဲ ပုံမှန်ထပ်ပိုကြားသွားတာပေါ့၊ အခုလို လက်မှတ်က ကြိုမှာရတော့ ခရီးသွားတွေအနေနဲ့ အရေးအကြောင်းဆို အခက်တွေ့တယ်၊ ပုံမှန်တိုင်း တစ်ရက်ကြိုနှစ်ရက်လောက်၊ အလွန်ဆုံး ၃ရက်လောက်ဆိုအဆင်ပြေတာပေါ့” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မြစ်ကြီးနားလေဆိပ်မှ လေကြောင်းလိုင်း (၂)လိုင်းဖြင့်ပြေးဆွဲလျှက်ရှိကာ ကျန်လေကြောင်းလိုင်းများမှာ ပထမ ကိုဗစ်လှိုင်းစတင်ဖြစ်ပွားသည့်အချိန်မှ စတင်ကာ အရှုံးပေါ်မှုကြောင့်ကျန်လေကြောင်းလိုင်းများထပ်မံတိုးချဲ့ ပြေးဆွဲနိုင်မည်မဟုတ်သေးကြောင်း မြစ်ကြီးနားလေဆိပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ အခုက မြစ်ကြီးနားလေဆိပ်ကနေ (၂)လိုင်းပြေးဆွဲနေသည်၊ ကျန်တဲ့ လေကြောင်းလိုင်းတွေကလဲ ပြေးဆွဲဖို့အစီစဉ်မရှိသေးဘူး။ အဲ့ဒီလေကြောင်းလိုင်းတွေက ပထမကိုဗစ်လှိုင်းလောက်ထဲက ရပ်နားထားကြတာ ၊ အခုချိန်ပြန်ဆွဲရင်လဲ လေယာဉ်ဆီစျေးတွေ၊ အခြားပစ္စည်းတွေက ဒေါ်လာနဲ့ဝယ်ရတော့ အရှုံးပေါ်တော့ မဆွဲ နိုင်ကြသေးဘူး၊ “ ဟု ၎င်းကပြောသည်။

လက်ရှိတွင် မြစ်ကြီးနားလေဆိပ်သို့ပြေးဆွဲနေသည့်လေကြောင်းလိုင်းများမှာ မြန်မာ့အမျိုးသားလေကြောင်းလိုင်း၊AIR KBZ လေကြောင်းလိုင်းနှင့် အကျိုးတူပူပေါင်းပြေးဆွဲနေသည့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း နှစ်လိုင်းသာပြေးဆွဲလျက်ရှိသည်။

လက်ရှိ ပြည်တွင်းဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများ၊ လမ်းခရီး တိုက်ပွဲများဖြစ်ပွားမှုများကြောင့် ပြည်တွင်းခရီးသွားပြည်သူများမှာ ကုန်း၊ရေလမ်းပို့ဆောင်ရေးထက်၊ လေကြောင်းလမ်းဖြင့် ခရီးသွားလာမှုများကိုသာ အားထားနေကြသည့်အတွက် လေကြောင်းပို့ဆောင်ရေးများကို ပိုမိုအလေးပေးဆောင်ရွက်ပေးစေလိုကြောင်း မြစ်ကြီးနားမြို့နေ ခရီးသွားပြည်သူတစ်ဦးကပြောသည်။

“ အခုလို နိုင်ငံရေးမတည်ငြိမ်တော့ ခရီးသွားပြည်သူတွေက ကားနဲ့ခရီးသွားတာတွေ မလုပ်ရဲကြဘူး၊ ခရီးလမ်းမှာတွေလဲ တိုက်ပွဲတွေကြောင့် လမ်းခရီး နောက်ကျတာတွေ၊ စစ်ဆေးရေးဂိတ်တွေကြောင့် ခရီးသွားအချိန်တွေ နှောင့်နှေးတာတွေဖြစ်နေကြတော့ ၊ လေကြောင်းနဲ့ပဲသွားလာကြတော့တယ်၊ ဒီတော့ သက်ဆိုင်ဌာနတွေအနေနဲ့ ပြည်သူတွေ အားထားပြီးသွားလာနေတဲ့ လေကြောင်းပို့ဆောင်ရေးလုပ်ငန်းစဉ်တွေကို ပိုမိုအလေးထားပေးဖို့ အဆင်ပြေပြေနဲ့ သွားလာနိုင်ဖို့ ဆောင်ရွက်ပေးကြဖို့ ပြောကြားချင်ပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မြစ်ကြီးနား – မန္တလေး လေယာဉ်လက်မှတ်ဈေးနှုန်းမှာ တစ်သိန်း ခြောက်သောင်းကျော်နှင့် မြစ်ကြီးနား- ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်းမှာ နှစ်သိန်း ငါးသောင်း ကျော် အထိ ပေးဆောင်နေရပြီး တစ်ပတ်ကျော်ကြိုတင်မှာယူနေရကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။