Trending Now

မိုင်းခွဲစဥ် တုန်ခါမှု​ဒဏ်ကြောင့် လမ်းများပြိုကျပျက်စီး၍ ​နေအိမ်များတွင် ​​မြေလွှာအက်ကွဲမှုများဖြစ်​ပေါ်​နေ

Spread the love

မိုင်းခွဲစဥ် တုန်ခါမှု​ဒဏ်ကြောင့် လမ်းများပြိုကျပျက်စီး၍ ​နေအိမ်များတွင် ​​မြေလွှာအက်ကွဲမှုများဖြစ်​ပေါ်​နေ

EPN
ဖားကန့်၊ ဧပြီ ၂၃

ဖားကန့်မြို့နယ်၊ လုံးခင်း​ကျေးရွာအုပ်စု၊ဆိုင်းရာရွာသစ်​မှော်​ကျေးရွာတွင် ​ကျောက်စိမ်း​တူး​ဖော်​ရေးကုမ္ပဏီများ၏ မိုင်းခွဲစဥ် တုန်ခါမှု​ဒဏ်ကြောင့် ​ကျေးရွာလမ်းများ ပြိုကျပျက်စီး၍ ​နေအိမ်များအ တွင်း ​​မြေလွှာအက်ကွဲ​ကြောင်းများ ဖြစ်​ပေါ်​နေ​ကြောင်း ယင်း​ဒေသခံများထံမှ သိရသည်။

အဆိုပါ​နေရာတွင် လွန်ခဲ့သည့်နှစ်ရက်ခန့်က လမ်း​​မြေသားများ ပြိုကျသွားခဲ့ပြီး ယ​နေ့ ဧပြီလ ( ၂၃ )ရက်နံနက်ပိုင်းတွင် ထပ်မံ၍ ​မြေလွှာများပြိုကျခဲ့ရာ ​လမ်းများသာမက၊နေအိမ်များအတွင်းထိ အက်ကွဲမှုများဖြစ်​ပေါ်ခဲ့​ကြောင်း သိရသည်။

“လွန်ခဲ့တဲ့နှစ်ရက်​လောက်က တစ်ကြိမ် ​​​မြေပြိုကျခဲ့တယ်၊ ဒီ​နေ့မနက် ထပ်ပြီးပြိုကျတဲ့အခါမှာ လမ်း​မြေ​တွေသာမက အိမ်​တွေထဲအထိ ​မြေလွှာအက်ကွဲ​ကြောင်း​တွေ ဖြစ်လာခဲ့တာ​ပေါ့၊ ထပ်ပြိုကျခဲ့ရင် အိမ်​တွေပါသွား​တော့မှာပါ”ဟု ယင်း​​ကျေးရွာတွင်​ နေထိုင်သူ ကိုမြင့်ကျော်က ​ပြောသည်။

အဆိုပါ မိုင်းခွဲတုန်ခါမှု​ကြောင့် လမ်းများပြိုကျခဲ့မှုအား ယ​နေ့နံနက်ပိုင်းအချိန်မှ စတင်၍ ​မြေဖို့ခြင်းလုပ်ငန်းများအား စတင်လုပ်​ဆောင်​​​နေပြီ ဖြစ်ကြောင်း ဆိုင်းရာရွာသစ် ​ကျေးရွာအုပ်ချုပ်​ရေးမှူးရုံးမှ သိရသည်။

“ဒီ​နေ့မနက်ပိုင်းမှာ လမ်း​မြေပြိုကျခဲ့တာ​ပေါ့၊လမ်းအကျယ်(၁၀)​ပေ၊ အရှည်​ပေ (၁၀၀) လောက် ပြိုကျခဲ့တာပါ၊ အခု စက်ယန္တရား​တွေနဲ့ ပြန်လည် ​မြေဖို့ပြီး၊ လမ်းပြုပြင်​နေပါပြီ”ဟု ​ကျေးရွာတာဝန်ရှိသူတစ်ဦးမှ ​ဖြေကြားသည်။

ဆိုင်းရာရွာသစ်​ကျေးရွာတွင် ယခုအခါ ​ကျောက်စိမ်းတူး​ဖော်​ရေးကုမ္ပဏီများ၏ မိုင်းခွဲစဥ် တုန်ခါမှု​ဒဏ်ကြောင့် ​မြေလွှာများ အက်ကွဲ​နေရာ ​နေအိမ်ငါးလုံးထက်မနည်း ​မြေလွှာအက်ကွဲ​ကြောင်းများ ဖြစ်​ပေါ်၍ ထပ်မံပြိုကျနိုင်သည့် အန္တရာယ် ရင်ဆိုင်​နေရ​ကြောင်း သိရသည်။

အဆိုပါ​ဆိုင်းရာရွာသစ်​ကျေးရွာတွင် အိမ်​ထောင်စု(၃၅၀)​ခန့်ရှိပြီး၊​ နေအိမ်​ပေါင်း(၃၇၀)​ကျော်ရှိ​နေတယ်လို့ သိရပြီး၊​ ကျေးရွာအနီးတွင် လက်ရှိတူး​ဖော် နေသည့် ​ကျောက်စိမ်းတူး​ဖော်​ရေးကုမ္ပဏီမှာ ​ရတနာလင်းကျောက်မျက်ကုမ္ပဏီဖြစ်​ကြောင်း ယင်း​ဒေသခံများထံမှ သိရသည်။

သတင်း▪︎​နောင်ရိုး
ဓါတ်ပုံ▪︎ကိုတင်လှိုင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။