Trending Now

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှု ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

Spread the love

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှု ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

EPN
နေပြည်တော်၊ အောက်တိုဘာ ၁၃ (၂၀၂၃)

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ကြက်သွန်ခင်းကျေးရွာ၌ အောက်တိုဘာ ၁၀ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုမှု အခြေအနေနှင့် ယာယီမြေထိန်းနံရံ တည်ဆောက်နေမှုကို ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယာယီမြေထိန်းနံရံ ဆောင်ရွက်နေသူများအား ဆီနှင့် ကြက်ဥများ ပေးအပ်ခဲ့ပြီး၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ် ရေအေးကျေးရွာအနီး မိုင်တိုင် ၁၂/၆ ရှိ ရွှေတံချူးချောင်း ရေထွက်ပေါက်များသည် အောက်တိုဘာ ၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သဲနုန်းများပိတ်ဆို့ကာ ချောင်းတိမ်ကောနေသည့်အတွက် စိုက်ခင်းများရေလွှမ်းမိုးမှု ဖြစ်ပေါ်နေသဖြင့် ပိတ်ဆို့နေသည့် သဲနုန်းများအား စက်ယန္တရားများဖြင့် ပြန်လည်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

၎င်းအပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇေယျာသီရိမြို့နယ် အင်းသာကျေးရွာအနီး ဆင်သေချောင်းအတွင်းရှိ တည်ဆောက်ထားသည့် ပြိုကျပျက်စီးနေသော ကျောက်စီမြေထိန်းနံရံကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပြိုကျပျက်စီးမှုအခြေအနေများနှင့် ပြန်လည်ပြင်ဆင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ယင်းနောက် ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေးရွာအတွင်း ပေါင်းလောင်းမြစ်နှင့် ဆင်သေချောင်းရေဆုံကျသဖြင့် ကျေးရွာအတွင်း ရေဝင်ရောက်နေမှုနှင့် စပါးစိုက်ခင်းများ ရေနစ်မြုပ်နေမှုကို လည်းကောင်း၊ ပျဉ်းမနားမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာအနီး ပေါင်းလောင်းရေလွှဲဆည် ရေထိန်းတံခါးရေကျော် နေမှုအခြေအနေကို လည်းကောင်း၊ လယ်ဝေးမြို့နယ် ဆင်အုံကန်ရေထိန်းတံခါး ရေပိုလွှဲမှရေထုတ်လွှတ် နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ က မြို့နယ်အသီးသီးတွင် ဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့်နေရာများကို ကြိုတင်ကာကွယ်ရေး၊ ပြောင်းရွှေ့ရမည့်လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ထားရန်လိုကြောင်း၊ ဘေးအန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အမြန်ဆုံးချက်ချင်းဆောင်ရွက်နိုင်ရေး ကြိုတင်စုဖွဲ့ထားရှိကြရန်လိုကြောင်း၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် သောက်ရေသန့်များ၊ စားရေးရိက္ခာများကို ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ဆာကူရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။