Trending Now

ရွှေဘို – မြစ်ကြီးနား ကားလမ်း အင်းတော်နယ်ထဲမှာ သစ္စာလှိုင် ခရီးသည်တင်ကား ဓားပြအတိုက်ခံရ

Spread the love

ရွှေဘို – မြစ်ကြီးနား ကားလမ်း အင်းတော်နယ်ထဲမှာ သစ္စာလှိုင် ခရီးသည်တင်ကား ဓားပြအတိုက်ခံရ

EPN
အင်းတော် ၊ မေ ၁၄

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ ရွှေဘို – မြစ်ကြီးနားကားလမ်းမှာ ညအချိန် ဖြတ်သန်းမောင်းနှင်နေတဲ့ ကားတွေဟာ မကြာခဏ ဓားပြအတိုက်ခံရတဲ့အတွက် ခရီးသည်တွေရဲ့ ရွှေငွေ လက်ဝတ် လက်စားတွေအပြင် ၊ ပိုက်ဆံအိတ်တွေနဲ့ လက်ကိုင်ဖုန်းတွေပါ လုယူတာခံနေရတယ်လို့ ခရီးသည်တွေဆီက သိရပါတယ်။

” မနေ့ကည ၁၀ နာရီဝန်းကျင်မှာ ၊ အင်းတော်မြို့နယ် ၊ နတ်မဟုတ်ကြီးရွာနားမှာ မန္တလေး – မြစ်ကြီးနား ခရီးသည်တင်ကား ဓားပြအတိုက်ခံရတယ် ၊ သစ္စာလှိုင်း ခရီးသည်တင် ယာဥ်လိုင်းက ဖြစ်တယ် ” လို့ ကားသမားတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ဓားပြတိုက်ခံရတဲ့ဖြစ်စဥ်မှာ ကားပေါ်ပါ ခရီးသည်တွေရဲ့ ဖုန်း ၊ ပိုက်ဆံအိတ် အပြင် လက်ဝတ်လက်စား ရွှေထည်ပစ္စည်းတွေနဲ့ လူသုံးကုန် ပစ္စည်းတွေပါသွားထယ်လို့ ကားသမားတွေက ပြောပါတယ်။

” ခရီးသည်တွေဆီက ပါသွားတဲ့ ပစ္စည်းစာရင်း အတိအကျတော့ မရသေးဘူး ၊ ခန့်မှန်း သိန်း ၂ ရာလောက်ရှိမယ် ” လို့ ကားဂိတ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ဓားပြအတိုက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အင်းတော်မြို့နယ် လုံခြုံရေးအဖွဲ့ ၊ တာဝန်ရှိသူ တစ်ဦးက ” လုယက်ခံရတာ နဲ့ ဓားပြတိုက်ခံရတဲ့ ဖြစ်စဥ်တွေရှိတယ် ၊ တရားဝင် အမှုဖွင့်တိုင်ကြားတာတော့ မရှိဘူး ၊ အကြောင်းကြားတာတော့ ရှိတယ် ၊ ကားသမားတွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် ၊ အချက်အလက် ပြည်စုံအောင် ပြောလို့ မဖြစ်ဘူး ” လို့ ပြောပါတယ်။

မြစ်ကြီးနား – ရွှေဘိုကားလမ်းမှာ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက် နောက်ပိုင်းကစလို့ အခုလ ၁၄ ရက်အထိ ကုန်တင်ကား ၊ အိမ်စီးကားနဲ့ ခရီးသည်တင်ကား ဓားပြအတိုက်ခံရတဲ့ ဖြစ်စဥ်ပေါင်း ၉ ကြိမ်ထက် မနည်းရှိခဲ့တာကြောင့် ခရီးသွားကားတွေ ညအချိန်မှာ အင်းတော်နယ်ကို မဖြတ်ကြဖို့ ကားသမားတွေ အချင်းချင်း သတိပေးနေရတယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။