Trending Now

စစ်ကိုင်းတိုင်းရှိ PDF အဖွဲ့များထံပို့ဆောင်မည့် လက်နက်/ ခဲယမ်းများနှင့် တရာခံများ ဖမ်းဆီးရမိ

Spread the love

စစ်ကိုင်းတိုင်းရှိ PDF အဖွဲ့များထံပို့ဆောင်မည့် လက်နက်/ ခဲယမ်းများနှင့် တရာခံများ ဖမ်းဆီးရမိ

EPN
မန္တလေး၊ ဖေဖော်ဝါရီ ၆ (၂၀၂၄)

စစ်ကိုင်းတိုင်းရှိ PDF အဖွဲ့များထံပို့ဆောင်မည့် လက်နက်/ ခဲယမ်းများသယ်ဆောင်လာသည့် မန္တလေး PDF အဖွဲ့ဝင်နှင့် No-More Dictatorship အဖွဲ့ဝင် (၃)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နစက ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

PDF အဖွဲ့ဝင်များသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှတစ်ဆင့် လက်နက်/ ခဲယမ်းများကို ကားဂီယာဘောက်အတွင်းထည့်၍ ခရီးသည်တင်ကားများဖြင့် မန္တလေးမြို့သို့ သယ် ဆောင်နေကြောင်း သတင်းအရ ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ယင်းကဲသို့ စုံစမ်းစစ်ဆေးရာမှ ဖေဖော်ဝါရီ ၄ ရက်၊ ညနေပိုင်းတွင် အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၉၀ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၌ သီတာစိုး (ခ)မစိုးနှင့် တိုးညွန့်တို့အား ကားဂီယာဘောက်အဟောင်းအတွင်း သိုဝှက်သိမ်းဆည်းထားသည့် လက်နက်/ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် ကေခိုင် (ခ)ကေကေကိုလည်း အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၇၀)၊ ၁၂ (ဘီ)လမ်းနှင့် ၈၇ လမ်းထောင့်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကိုင်းတိုင်းရှိ PDF အဖွဲ့များထံ လက်နက်/ ခဲယမ်းများပို့ဆောင်မည့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦးတို့အား ပစ္စတိုမျိုးစုံ ၈ လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၃၀၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ သီတာစိုး (ခ)မစိုးသည် အောင်မြေသာစံမြို့နယ်မှ NLD ပါတီဝင်တစ်ဦးဖြစ်ပြီး၊ မန္တလေးမြို့အတွင်း ဆူပူဆန္ဒပြမှုများ၌ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကာ KIA အဖွဲ့ထံ၌ အ ကြမ်းဖက်သင်တန်း ၁ လတက်ရောက်ခဲ့ကာ No-More Dictatorship-NMD အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ထောက်ပို့လုပ်ငန်းဆောင်ရွက်နေကြောင်းကို ဖော်ထုတ်သိရှိခဲ့ရသည်။

ယင်းအပြင် စစ်ကိုင်းမြို့နယ်အတွင်းရှိ NMD အကြမ်း ဖက်အဖွဲ့ဝင် မျိုးမင်းရန်နိုင်ထံသို့ လက်နက်/ ခဲယမ်းများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ ၄ ကြိမ် ပို့ဆောင်ပေးခဲ့ကြောင်းကိုလည်း ဖော်ထုတ်သိရှိခဲ့သည်။

ဖမ်းဆီးရမိခဲ့သူများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးနှင့် ဖမ်းဆီးရန် ကျန်ရှိသူများအား ထပ်မံဖမ်းဆီးရမိရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

  1. ကျော်စိုးသူ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။