Trending Now

ဗန်းမော်- မြစ်ကြီးနား ကားခဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် ခရီးသွားပြည်သူများ အခက်တွေ့

Spread the love

ဗန်းမော်- မြစ်ကြီးနား ကားခဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် ခရီးသွားပြည်သူများ အခက်တွေ့

EPN
ဗန်းမော်၊ ဧပြီ ၁ (၂၀၂၄)

ကချင်ပြည်နယ်၊ ဗန်းမော်- မြစ်ကြီးနား ကားခဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် ခရီးသွားပြည်သူများ အခက်တွေ့နေကြောင်း ဗန်းမော်မြို့ ဒေသခံများက ဆိုသည်။

ဗန်းမော်-မြစ်ကြီးနား လမ်းဟောင်းတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းကစ၍ တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် ယင်းလမ်းပိုင်းအား ပိတ်ထားသည့်အတွက် ကားခဈေးနှုန်းများ မြင့်တက်လာပြီး၊ ခရီးသွားပြည်သူများ အနေဖြင့် ယခင်ထက် ကုန်ကျစရိတ် မြင့်တက်ခဲ့သည့်အပြင် ခက်ခက်ခဲခဲ သွားလာနေရကြောင်း ဒေသခံများထံမှ သိရသည်။

” ဗန်းမော်၊ မြစ်ကြီးနား ကားခဈေးနှုန်းက အများကြီးကွာသွားတယ်။ အရင်က နှစ်သောင်းလောက်ပဲ ရှိတာ။ အခုဆိုရင် ရှစ်သောင်းဖြစ်သွားပြီ။ နေ့ချင်းလည်း မရောက်ဘူး။ တစ်ညအိပ်၊ နှစ်ရက် သွားနေရတယ်။ ခရီးစရိတ်လည်း ပိုကုန်ရတယ် ” ဟု ၎င်းကရှင်းပြသည်။

တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားနေ၍ အဆိုပါ လမ်းပိုင်းအား ပိတ်ထားသည့်အတွက် ဗန်းမော်ခရိုင်းအတွင်း အခြေခံ စားသောက်ကုန်စည်များ ပြတ်လပ်ခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဗန်းမော်ခရိုင်အတွင်းရှိ တပ်မတော် စခန်းများကို KIA၊ PDF ပူးပေါင်းအဖွဲ့မှ ထိုးစစ်ဆင် တိုက်ခိုက်နေ၍ တိုက်ပွဲများ ပြင်းထန်လျက်ရှိသောကြောင့် ဒေသခံပြည်သူတချို့မှာ အခြားသော မြို့နယ်များသို့ ပြောင်းရွေ့ခြင်းများ နေစဉ်ရှိနေကြောင်း ဗန်းမော်မြို့နေသူ ပြည်သူတစ်ဦးက ထည့်သွင်းပြောသည်။

” ဗန်းမော်မြို့ပေါ်က ဒေသခံတွေလည်းတိုက်ပွဲပြင်းထန်လာမှာကို ထိန့်လန့်နေရလို့ အချို့လည်း ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား ဘက်တွေကို ပြောင်းကြတယ်။ ဒီမှာက ဘာမှကို လုပ်စားလို့ အဆင်မပြေဘူး။ တိုက်ပွဲတွေကဖြစ် စစ်ရှောင်တွေကများ အဲ့တော့အခြေတေ စားသောက်ကုန်တွေ ပြတ်လပ်တယ်။ ဈေးနှုန်းကြီးတယ် ကြာကြာဆက်နေရင် မလွယ်ဘူးပေါ့ ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ အခြေအနေများကြောင့် အခြားသော မြို့နယ်၊ တိုင်းဒေသကြီးများသို့ ဒေသခံများ ပြောင်းရွေ့ကြရာ ကားစီးလုံးပြတ် ငှားမည်ဆိုပါက ဆယ့်ငါးသိန်း၊ ရန်ကုန်၊ မန္တလေးသို့ ခရီးသွားပြည်သူ တစ်ဦး တစ်သိန်းခွဲ၊ ဗန်းမော်-မြစ်ကြီးနား ရှစ်သောင်းကျပ်အထိ ဈေးနှုန်းများ မြင့်တက်လျက်ရှိ‌ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။