Trending Now

ပါကစ္စတန်မှာ နာရီပိုင်းအတွင်း အသေခံဗုံးခွဲမှု ၂ ခုနှစ်ပွားခဲ့ရာ ၅၈ ဦး သေဆုံးခဲ့

Spread the love

ပါကစ္စတန်မှာ နာရီပိုင်းအတွင်း အသေခံဗုံးခွဲမှု ၂ ခုနှစ်ပွားခဲ့ရာ ၅၈ ဦး သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၃၀

ပါကစ္စတန်နိုင်ငံ ဘလိုချက်စတန်ပြည်နယ်အတွင်းက ဗလီတစ်ခုမှာ စက်တင်ဘာ ၂၉ ရက်နေ့က ပြင်းထန်တဲ့ အသေခံဗုံးခွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅၄ ဦးသေဆုံးခဲ့ပြီး တမန်တော် မိုဟာမက် မွေးနေ့ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ လူပေါင်း ၁၀၀ ကျော်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာ ခိုင်ဘာ-ပတ်ထန်းခွာပြည်နယ်၊ ဟန်းဂုမြို့က ဗလီတစ်ခုမှာလည်း နောက်ထပ်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၄ ဦးထက်မနည်းသေဆုံးကာ ၁၂ ဦး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

အသေခံဗုံးခွဲသမားနှစ်ဦးဟာ ဟန်းဂုမြို့က ရဲစခန်းကို ဝင်ရောက်ဖောက်ခွဲဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် အနီးနားမှာရှိတဲ့ ဗလီတစ်ခုထဲကို အကြမ်းဖက်သမားတွေက ပြေးဝင်သွားခဲ့တာလို့ မြို့တော်ပြောရေးဆိုခွင့်ရှိသူ ဖာဇယ်အက်ဗာ က ပြောပါတယ်။

“သူတို့ထဲက တစ်ယောက်က ဗလီတံခါးဝမှာပဲ ဖောက်ခွဲမှုပြုလုပ်သွားပေမယ့် ဒုတိယတစ်ယောက်ကတော့ ဗလီထဲကို ဝင်သွားနိုင်ခဲ့ပါတယ်။ ကံကောင်းတာက ဗလီထဲမှာရှိတဲ့ လူတွေက ပထမပေါက်ကွဲမှုကြောင့် ထွက်ပြေးနိုင်ခဲ့တဲ့အတွက် သေဆုံးသူအရေအတွက် အများကြီးမဖြစ်သွားတာ” လို့ ဖာဇယ်က ပြောပါတယ်။

ဒီအသေခံဗုံးခွဲမှုတွေနဲ့ ပတ်သက်ပြီး ဘယ်သူကမှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသလို အဓိကအတိုက်အခံ ပါကစ္စတန်တာလီဘန်လို့ လူသိများတဲ့ Tehreek-e-Taliban Pakistan (TTP)အဖွဲ့ကလည်း သူတို့နဲ့ မသက်ဆိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

“Tehreek-e-Taliban Pakistan ရဲ့ ရည်းမှန်းချက်တွေက ရှင်းပါတယ်။ ဗလီတွေ၊ စာသင်ကျောင်းတွေ၊ လူထုစုဝေးပွဲတွေဟာ ကျွန်တော်တို့ရဲ့ ပစ်မှတ်ထဲမှာ မပါဝင်ပါဘူး။ ဒီနေ့ ဗုံးပေါက်ကွဲမှုနှစ်ခုနဲ့ ဘာမှမသက်ဆိုင်သလို ပြုလုပ်သူတွေကိုလည်း ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။” လို့ TTP ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ကိုယာဆာနီက ပြောပါတယ်။

လုံခြုံရေးအခြေအနေ ဆိုးရွားမှုနဲ့ ရင်ဆိုင်နေရတဲ့ ပါကစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကစတင်ကာ စီးပွားရေးမသေခြာမရေရာမှုတွေဖြစ်ပေါ်ခဲ့တဲ့အပြင် နိုင်ငံရဲ့ လူဦးရေ ၂၄၁ သန်းက နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ပါရင်ဆိုင်နေရတာဖြစ်ပါတယ်။

Ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။