Trending Now

နိုင်ငံရေးပါတီများကို ဗိုလ်ချုပ်အောင်ဆန်း ထောက်ပြပြောဆိုခြင်း၊ ယနေ့ထိမှန်ကန်

Spread the love

နိုင်ငံရေးပါတီများကို ဗိုလ်ချုပ်အောင်ဆန်း ထောက်ပြပြောဆိုခြင်း၊ ယနေ့ထိမှန်ကန်

တောခြောက်သံများ
          ဟုတ်တာတွေ မဟုတ်တာတွေ အပထား၊ ရွေးကောက်ပွဲကြီးကား နီးလာပြန်ချေပြီတည်း။ သားကောင် ကို ဖမ်းမိဖို့အရေး တောခြောက်သံတွေက ပေးလာကြ…။ ၂၀၁၅ တုန်းက တောခြောက်သံကတာ့ လူကိုကြည့် မနေနဲ့၊ ပါတီတံဆပ်ကြည့်ပြီး မဲထည့်လိုက်ဟူ၏။ လာပြန်ချေသေးသည် နောက်တစ်မျိုး။ တစ်သီးပုဂ္ဂလက အားမရှိဘူး၊ မဲထည့်မနေနဲ့ အစိုးရလည်း ဖွဲ့လို့မရဘူး၊ ကျွန်မတို့သာ မဲထည့်ပါဟူ၏။ လက်ရှိအစိုးရ(ထိုစဉ်က ဦးသိန်းစိန် အစိုးရ) ဟာ တပ်မတော်နဲ့ အဆက်အသွယ်ရှိတယ်။ ဒါကို တွန်းဖယ်ပစ်ရမယ်ဟူ၏။ ထိုအသံများ လျှံထွက်လန်ထွက်နေခြင်းကို အိပ်ရေးပျက်သော်လည်း ထကြည့်မိပါသည်။ လူသားဝိညာဉ် ပျောက်ဆုံးသွား သောအခါ ပညာဉာဏ်ဆိုသည်ကလည်း ဦးနှောက်ထဲက ထွက်ပြေးသွားပြီလာ။ အဓမ္မသူရဲကောင်းဝါဒ ဖော်စပ် ဝေငှနေတော့သည်။

ထမင်းစားနေ၍ စဉ်းစားသင့်သည်
          ကျွန်တော်တို့သည် မြန်မာ့မြေထွက် ဆန်ထမင်းကို စားနေ၍ မြန်မာလိုစဉ်းစားသင့်ပါသည်။ ဗုဒ္ဓကလည်း ပြောသံကြားနှင့် မယုံနှင့်။ လေးစားထိုက်သူကြီး၏ စကားဆိုပြီးမယုံနှင့် ဟု သင်ကြားခဲ့သည်။ နှစ်ပေါင်း ၂၅ဝဝ ကျော်ခဲ့ပြီ။ တကယ်က ပါတီကိုလည်းကြည့်၊ လူကိုလည်း ကြည့်ရပေမည်။ ဘယ်လိုလူလဲ၊။ နောက်ကြောင်း ဘာလဲ၊ သူ့ပါတီမူဝါဒက ဘာလဲ။ လူသာမက မူဝါဒလည်း အရေးကြီးပေသည်။ မူမှန်မှ လူမှန်ပါမည်။ မူမှန် လူမှန်မှ ပါတီမှန်ပါမည်။ ပါတီမှန် မူမှန် လူမှန်ကိုသာ ရွေးချယ်မဲထည့်သင့်ပါသည်။ တချို့ဘွဲ့များ၊ အတုကြီး တွေဟု ပြန်သိရသည်။ ဒီနေ့ကမ္ဘာကြီးမှာလည်း မုသာဝါဒခေတ်မစားတော့။ ဟုတ်လျှင်ကျော်မည် ပုတ်လျှင် ပေါ်ပေမည်။ နိုင်ငံခြားမှာ ဆယ်စုနှစ်တစ်ခု သွားနေသည်၊ ဘာလုပ်နေခဲ့သလဲ ရှင်းမပြခဲ့၊ ရှင်းမပြနိုင်။ ထိုဘွဲ့ ထိုလူတို့ နေရာကြီးကြီး ရသွားသောအခါ ပြည်သူလူထုက မဲ့ရွဲ့ကြသည်။ ပညာရှင် စစ်စစ်မှန်မှန် ရိုးသားကြိုးစား သူကိုကား မဆိုင်တဲ့အပေါက်ဂလိုင်နှင့် ခေါက်စေသည်။ မကျွမ်းကျင်သောဌာနကို ကိုင်ခိုင်းသည်။ ထိုအခါ ထိုလူ နာမည်ပျက်လေသည်။

           သွေးပူလေ့ကျင့်ခန်းမှာ ( စာဖတ်စာရေး) ဟုတ်မလိုလိုနှင့်။ တကယ်ကွင်းထဲ ဆင်းကစားရသောအခါ လူရယ်စရာကြီး ဖြစ်သွားသည်။ ဒီမိုကရေစီမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ အစိုးရသတင်းစာ မလိုအပ်ဟု အကြိမ် ကြိမ်ဆိုခဲ့ကြသူများက ကိုယ့်အလှည့်တွင် ဘတ်ဂျက် သန်း ၆ဝဝ၀ တောင်း၍ ထိုနည်းလည်းကောင်း ဇာတ်ကို သာ ခင်းကျင်းကပြခဲ့သည်။ မီဒီယာအမှုအခင်းလုပ်၍ အင်းစိန်တောရသို့ ပို့ပစ်သည်။ နှိုင်းယှဉ်ချက်အရ ယခင် ခေတ်ထက် ပိုများနေသည်ဆို၏။

          လောကတွင် လူဆိုး၊ လူကောင်းဟူ၍မရှိ၊ သင်ပေးလျှင်ရသည်ဟူသော ဒဿနကို ကြားနေရ၏။ ဘယ် လောက်သင်သင် ဘာမှမတတ်သူများ၊ မောင်းနှင်နေသောကားကြီး ချောက်ထဲထိုးကျမှာ ကြောက်နေရပြီ။ ထိုအခါ ထိပ်ဆုံးက ဆရာသမားတစ်ယောက်တည်း ကွင်းပတ်ပြေးနေရသည်ဟု “News Watch” စောင့်ကြည့် ဂျာနယ်က အတိအလင်း ဝေဖန်ရေးသားလာသည်။ အကြိမ်ကြိမ် တောပြောတောင်ပြော ဆင်ဖမ်းမည် ကျားဖမ်း မည် ရွာသားတွေ ဆရာမတွေကို ရည်းစားစကားလိုက်ပြောကြဟု မိန့်ခွန်းခြွေနေသူကိုလည်း ဘာမှအရေး မယူဘဲ လွှတ်ထားသည်။ ရန်ကုန်တိုင်း စာရင်းစစ်ချုပ်၏ အစီရင်ခံစာက ဘတ်ဂျက်ငွေပမာဏ အကြီးကြီးများကို သုံးစွဲထားမှုတွင် ပွင့်လင်းမြင်သာရှိရေး ထောက်ပြမူမှာလည်း ရင်ကြပ်နေသည်။ ရှူဆေးကူနေရသည်။

ဗိုလ်ချုပ်အောင်ဆန်းလာပြီ
          နိုင်ငံတွင် နိုင်ငံရေးပါတီက ၂၀၀ ပါတီအထိ ရောက်သွားသည်။ ထို့နောက် ၁၀၀ ဂဏန်း ပြန်ရောက် သည်။ ယခုအခါ ၉၀ ဆယ်ကျော်ရှိမည် ခန့်မှန်းရသည်။ ဖဆပလ နိုင်ငံလုံးဆိုင်ရာ ပထမညီလာခံကြီး (ရွှေတိဂုံ ဘုရား အလယ်ပစ္စယံညီလာခံကြီး)တွင် ဗိုလ်ချုပ်က “နိုင်ငံရေးပါတီဆိုတဲ့ သဘောကို သေသေချာချာ နားလည်ဖို့ လိုတယ်။ ကျွန်တော်တို့နိုင်ငံမှာ အမှန်စင်စစ် ပါတီသစ်ရယ်လို့ သိပ်မခေါ်နိုင်ဘူး။ personal Groups တွေပဲ၊ ဘာမှစနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားတာ မဟုတ်ဘူး။ အမှန်ကတော့ ပါတီဆိုတဲ့သဘောမျိုးကို တခြားနိုင်ငံက ဖြစ်တာတွေကို လိုက်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဥပမာ- ဘိလပ်(အင်္ဂလန်)မှာ လေဘာပါတီ ဆိုတာရှိတယ်။ လေဘာပါတီက ဘယ်သူ့အကျိုးကို အဓိကထားပြီး လုပ်ထားသလဲဆိုလို့ရှိရင် အလုပ်သမား တွေရဲ့ အကျိုးကို ပိုပြီးဆောင်ရွက်မယ်။ တိုင်းသူပြည်သားတွေရဲ့ အကျိုးကို မဆောင်ရွက်ဘူးလားဆိုတော့ ဆောင်တော့ ဆောင်ရွက်တယ်၊ အလုပ်သမား လူတန်းစားအမြင်နဲ့သာ ဆောင်ရွက်တယ်။ ကွန်ဆားဗေးတစ် ပါတီ၊ အဲ့ဒီပါတီကဆိုလို့ရှိရင် သူတို့အင်မတန်ရှေးကျတဲ့ အယူဝါဒတွေကို ယူပြီးတော့ ဘယ်နေရာမှာမဆို နိုင်ငံရေးပဲဖြစ်ဖြစ် လက်အောက်ခံ တိုင်းနိုင်ငံတွေနဲ့ဖြစ်ဖြစ်၊ အခြားနိုင်ငံနဲ့ ဆက်ဆံရေးဖြစ်ဖြစ် အင်မတန်ခေတ် နောက်ကျ ပြီးတော့ကာ နောက်ပြန်ဆွဲတဲ့ အယူဝါဒများတယ်။ နောက်တော့ အလယ်အလတ် (သိပ်မှန်တဲ့ စကားတော့ မဟုတ်ဘူးဗျ) လစ်ဘရယ်ပါတီရယ်လို့ ဖွဲ့ပြန်တယ်”ဟု အင်္ဂလန်နိုင်ငံ၊ နိုင်ငံရေးပါတီကြီးများ အကြောင်း အကြမ်းမျှရှင်းပြခဲ့သည်။

          “အမေရိကန်မှာဆိုရင် ဒီမိုကရက်တစ်ပါတီ၊ အင်္ဂလန်မှာ ကွန်ဆာဗေးတစ်ပါတီ၊ လေဘာပါတီ……… အဲ့ဒါမျိုးတွေက ဘာလဲဆိုရင် ပုဂ္ဂိုလ်စွဲ အဖွဲ့တွေတော့ မဟုတ်ဘူး။ ရာသက်ပန်ခေါင်းဆောင်ကြီး မထားဘူး။ ပါတီကတော့ ထာဝရတည်နေမယ်။ ပါတီဆိုတာ သူတို့ဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့အကျိုးကို အဓိကထားပြီး တည် ဆောက်ထားတာ။ ဗမာပြည်ကတော့ အဲဒီလိုမဟုတ်ဘူး။ သေသွားတဲ့ခေါင်းဆောင်တို့ ဆရာတော်တို့ရဲ့ နာမည် တွေကိုယူပြီး ပုဂ္ဂိုလ်စွဲထားတုန်း ရှိသေးတယ်။”
          ဗိုလ်ချုပ်က ဆက်လက်သုံးသပ် ပြောကြားရာမှာ…“ ကျွန်တော်တို့ဟာ ကမ္ဘာ့အဆင့်နှင့်ညီစွာ ဆိုင်ရာ ဆိုင်ရာ အကျိုးနဲ့ လုပ်ငန်းရဲ့သဘော ရည်ရွယ်ချက်နဲ့ စနစ်တကျ တည်ထောင်ဖွဲ့စည်းဖို့ လိုတယ်။ အဲ့ဒီလို ဖွဲ့စည်းလိုက်လို့ရှိရင် ခုလိုမျိုး မှိုလိုပေါက်မနေတော့ပဲ အချင်းချင်း တူရာတူရာစုစုသွားကြလို့ တဖြည်းဖြည်းပါတီ တွေ နည်းလာမယ်”ဟု နိုင်ငံရေးပါတီများသို့ ပြောကြားခဲ့ကြောင်း သမိုင်းကောင်းသက်သေရှိချေသည်။

တူတာတွဲလုပ် မတူတာခွဲလုပ်
          နိုင်ငံရေးမှာ ပါတီမတူ ဝါဒမတူသော်ငြား၊ တူတာတွဲလုပ်၊ မတူတာခွဲလုပ် “မူ” က နဂိုကတည်းက ရှိပြီးသားပါ။ အမျိုးသားအကျိုးစီးပွား ၁၃၅ တိုင်းရင်းသားအကျိုးစီးပွား သူတစ်ကျပ် ငါတစ်ကျပ် တန်းတူ ညီမျှမှု ဝါဒနှင့် ခရီးတူ လုပ်ငန်းတူသွားကြဖို့မှာ ပါတီခွဲ ဝါဒခွဲ အုပ်စုခွဲ ပုဂ္ဂိုလ် သူ ငါ ယောကျာၤး မိန်းမ စွဲထက် နိုင်ငံမျက်နှာကြည့်ကြဖို့ပါ။     ။
အောင်မြင်ကြပါစေ…

ရဲသဇင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။