Trending Now

တနိုင်းမြို့နယ် အတွင်းရှိ တိုက်ပွဲရှောင်စခန်းများတွင် သောက်သုံးရေမလုံလောက်မှု အခက်အခဲများနှင့် ကြုံတွေ့နေရ

Spread the love

တနိုင်းမြို့နယ် အတွင်းရှိ တိုက်ပွဲရှောင်စခန်းများတွင် သောက်သုံးရေမလုံလောက်မှု အခက်အခဲများနှင့် ကြုံတွေ့နေရ

EPN
မြစ်ကြီးနား၊ မေလ ၄

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများတွင် ယခုနှစ် ဧပြီလ ဒုတိယ အပတ်လောက်မှ စတင်ကာ သောက်သုံးရေမလုံလောက်မှုများဖြင့် ကြုံတွေ့နေရကြောင်း တနိုင်မြို့နယ်၊ တိုက်ပွဲရှောင်စခန်းများမှ သိရသည်။

လျှပ်စစ်မီးလုံလောက်မှုမရှိသည့် တနိုင်းမြိုနယ်ရှိ တိုက်ပွဲရှောင်စခန်းများတွင် သုံးရေအတွက် ရေမော်တာတင်ရန် စက်သုံးဆီဖြင့်အသုံးပြုရသည့် စက်ကိုအဓိကထား အသုံးပြုရပြီး ဧပြီလမှ စတင်ကာ စက်သုံးဆီဈေးများမြင့်တက်လာသည့်အတွက် ရေမော်တာအသုံးပြုရန် ခက်ခဲလာပြီး သောက်သုံးရေမလုံလောက်သည့် အခက်အခဲများရှိလာကြောင်း တနိုင်းမြို့နယ် တိုက်ပွဲရှောင်စခန်းမှ တာဝန်ခံတစ်ဦးကပြောသည်။

” တိုက်ပွဲရှောင်စခန်းတွေမှာ သောက်သုံးရေအတွက် ရေတင်တဲ့အခါမှာဆိုရင် စက်သုံးဆီထည့်ပြီးမောင်းရတဲ့ စက်နဲ့ရေတင်ရတယ်၊ ဧပြီလအတွင်းမှာဖြစ်ပေါ်လာတဲ့ စက်သုံးဆီ ဈေးတွေ မတရားမြင့်တက်လာတော့ ဆီကိုအရင်ကလို ဝယ်အသုံးပြုဖို့ခက်လာတယ် ၊ ဆီဝယ်ဖို့ခက်လာတော့ ရေလဲတင်မရဘူး။ ဒီတော့ သောက်သုံးရေအတွက် ခက်ခဲလာတယ်၊ ရှိတဲ့ ရေဘုံဘိုင်က စခန်းမှာ လူများတဲ့အတွက် လုံလောက်မှုမရှိတော့ အဆင်မပြေဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိ တနိုင်းမြို့နယ် RC တိုက်ပွဲရှောင်စခန်းတွင် အိမ်ထောင်စုပေါင်း (၁၃၀)ကျော်၊ လူဦးရေ(၆၀၀)ကျော်အတွက် ရေဘုံဘိုင်း(၁)ခု၊ KBC တိုက်ပွဲရှောင်စခန်းတွင် အိမ်ထောင်စုပေါင်း (၁၀၀)ကျော်၊ လူဦးရေ (၄၀၀)ကျော် အတွက် ရေဘုံဘိုင်(၁)ခု၊ရေတွင်း(၁)တွင်း နှင့် COC တိုက်ပွဲရှောင်စခန်းတွင် အိမ်ထောင်စုပေါင်း (၄၅)ကျော်၊ လူဦးရေ (၂၀၀)ကျော်အတွက် ရေဘုံဘိုင်(၂)ခု သာ ရှိကြောင်း သိရသည်။

” တိုက်ပွဲရှောင်စခန်းတွေမှာက ရေဘုံဘိုင်လိုမျိုး ရေတွင်းတွေကလဲ မလုံလောက်ဘူး၊ ဒီတစ်ခုထဲကို တစ်နေကုန် တစ်ယောက်ပြီးတစ်ယောက် သုံးမယ်ဆို လူဦးရေများတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီအတွက်ကို အလှူရှင်တွေစုပြီး ရေဘုံဘို အသစ်တွေ ရေတွင်းအသစ်တွေ တူးဖော်ဖို့စီစဉ်နေတယ်” ဟု ၎င်းက
ပြောသည်။

တနိုင်မြို့ရှိ တိုက်ပွဲရှောင်စခန်းများတွင် သောက်သုံးရေအခက်အခဲဖြစ်ပွားလာမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယင်းအခက်အခဲဖြေရှင်းရန်အတွက် ရေတွင်း၊ ရေဘုံဘိုင်များတူးဖော်ရန် အလှူရှင်များလိုအပ်နေကြောင်း သိရသည်။
အဆိုပါ တနိုင်းမြို့နယ်ရှိ RC ၊ KBE ၊ COC တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသူများမှာ လွန်ခဲ့သည့် (၅) နှစ်ကျော်ခန့်က တပ်မတော်နှင့် KIA အဖွဲ့တို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်မှ တိမ်းရှောင်လာသူများဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၂၀၀ ခန့်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။