Trending Now

မိုးကောင်းမြို့တွင် Mask မတပ်ဘဲ လမ်းမပေါ်သွားလာသူများကို အရေးယူတော့မည်

Spread the love

မိုးကောင်းမြို့တွင် Mask မတပ်ဘဲ လမ်းမပေါ်သွားလာသူများကို အရေးယူတော့မည်

EPN
မိုးကောင်း၊ မေ ၁၉

မိုးကောင်းမြို့နယ် COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ မိုးကောင်းမြို့၌ မေလ ၂၃ ရက်နေ့ နောက်ပိုင်းမှ စ၍ မိုးကောင်းမြို့ မြို့တွင်းလမ်းမပေါ်တွင် Mask မတပ်ဘဲ သွားလာနေကြသူများကို ဒဏ်ငွေတပ်ကာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို မေလ ၁၈ ရက်နေ့၊ ညနေပိုင်းက မိုးကောင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် မိုးကောင်းမြို့နယ် COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက ယခုကဲ့သို့ ဆိုသည်။

“ပြည်သူတွေ နှာခေါင်းစည်းတပ်ဆင်ဖို့ လျော့ပါးလာပြီး COVID-19 ရဲ့ အလစ်အငိုက်တိုက်ခိုက်မှု ခံရနိုင်တဲ့ အတွက် ပြည်သူတွေ နှာခေါင်းစည်းတပ်ဆင်မှု အလေးထားဆောင်ရွက်လာအောင် ပညာပေး ဆောင်ရွက်ပြီး မေ(၂၃)ရက် နောက်ပိုင်းမှာအပြင်ထွက်သွားလာလို့ နှာခေါင်းစည်းမတပ်လာသူတွေကို ဒဏ်ငွေ (၁၀၀၀)ကျပ် ဒဏ်တပ်ကာ အရေးယူသွားမယ်”ဟု ၎င်းက ပြောသည်။

မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်စံကလည်း “လက်ရှိကူးစက်ပြန့်ပွားနေတဲ့ အသက်ရှု လမ်းကြောင်း ဆိုင်ရာ ရောဂါပိုးဖြစ်တဲ့ ကိုဗစ်နိုင်တင်း ဟာ ရောဂါပိုးရှိသူထံကနေ ချောင်းဆိုးတာ နှာချေတာ ထိတွေ့တာက တဆင့် ကူးဆက်နိုင်တာဖြစ်တဲ့အတွက် Mask တပ်ခြင်းဟာ ဒီရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါတယ်၊ “လက်ဆေးခြင်း၊ Mask တပ်ခြင်း၊ လူစုလူဝေးမပြုလုပ်ခြင်းဟာ COVID-19 ကူးစက်မှုကို လျော့နည်းစေပြီး လော့ဒေါင်းကာလ ပြီးသွားရင်လည်း လက်ဆေးခြင်း၊ Maskတပ်ခြင်း ယဉ်ကျေးမှုကို ဆက်လက်လုပ်ဆောင်သင့်တယ်”ဟု သုံးသပ်ပြောဆိုသည်။

အစည်းအဝေးဆုံးဖြတ်ချက်အရ မိုးကောင်းမြို့တွင် မေလ(၂၀)ရက်နေ့မှ စတင်ကာ စောင့်ကြည့်ကာလ အဖြစ်သတ်မှတ်ထားပြီး အများပြည်သူသွားလမ်းမများနှင့် ယာယီပျံကျဈေးများတွင် နှာခေါင်းစည်း တပ်မတပ် စောင့်ကြည့်ပြီး အသိပညာပေးခြင်း၊ Mask ဖြန့်ဝေပေးခြင်း၊ Mask မတပ်သူများ အား မေလ (၂၃)ရက် နောက်ပိုင်း အရေးယူရန် အသိပေးနိုးဆော်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Quarantine Centre တွေ ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်း တွေကို ဇွန်လ (၁၅) ရက်နေ့မှာ ပြန်အပ်ဖို့ ညွှန်ကြားထားသည့်အတွက် နေရာထပ်မံရွာဖွေရမည်ဖြစ်ကြောင်းနှင့် မိုးကောင်းမြို့ပေါ်အတွက် နေရာအခက်အခဲမရှိသော်လည်း တစ်မြို့နယ်လုံးအတွက် လွှမ်းခြုံစဉ်းစားရမည် ဖြစ်သည့်အတွက် စနစ်တကျထားရှိ ဆောင်ရွက်နိုင်ရေးအတွက် အကောင်းဆုံးနည်းလမ်းရှာဖွေကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက ပြောသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။