Trending Now

တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်၏ စိန်ဖူးတော်ပေါ်မှ ဘတ်သန်း ၃၀ နီးပါးတန်ဖိုးရှိ စိန်နှင့် ရတနာပစ္စည်းများ ပျောက်ဆုံး

Spread the love

တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်၏ စိန်ဖူးတော်ပေါ်မှ ဘတ်သန်း ၃၀ နီးပါးတန်ဖိုးရှိ စိန်နှင့် ရတနာပစ္စည်းများ ပျောက်ဆုံး

EPN
တာချီလိတ်၊ မတ် ၁၅ (၂၀၂၄)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင်တည်ထားကိုးကွယ်သည့် ရွှေတိဂုံစေတီတော်၏ စိန်ဖူးတော်ပေါ်မှ ဘတ်သန်း ၃၀ နီးပါးတန်ဖိုးရှိ စိန်နှင့် ကျောက်မျက် ရတနာပစ္စည်းများ ယမန်နေ့ မတ် ၁၄ ရက်က ပျောက်ဆုံးသွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့၊ နေ့လည်ပိုင်းက ရွှေတိဂုံစေတီတော်မြတ်ကြီးအား စတုတ္ထအကြိမ်မြောက်အဖြစ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရန် စေတီတော်ဝန်ထမ်းတစ်ဦးနှင့် တင်ဒါအောင်မြင်ခဲ့သည့် “စွယ်တော်ဦး” ရွှေဆိုင်းနှင့် ရွှေမိုက်လုပ်ငန်းမှ ဝန်ထမ်း(၁၂)ဦးတို့မှ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား တက်ရောက်ဖြုတ်ယူကာ အောက်သို့ချခဲ့ကြောင်း သိရသည်။

” စိန်ဖူးတော်ကို လွယ်အိတ်ထဲထည့်ပြီး လက်ဆင့်ကမ်း အောက်ချတယ်လို့ပြောတယ်။ ရင်ပြင်ပေါ်ကိုရောက်လို့ ဂေါပကအဖွဲ့ဝင် တစ်ယောက်ဆီကို အပ်လိုက်တယ်။ အဲဒီမှာ ဂေါပကအဖွဲ့က စစ်ဆေးကြည့်တော့ စိန်ဖူးတော်အထွဋ်မှာ တပ်ဆင်ထားတဲ့ “စိန်” နဲ့ တခြား ကျောက်မျက်ရတနာ (၁၆)လုံးလောက် ပျောက်နေတာကို တွေ့ရတယ်။ တန်ဖိုးအနေနဲ့ကတော့ ဘတ်သန်း ၃၀ လောက်ရှိတယ်လို့ သိရပါတယ် ” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား တက်ရောက်ဖြုတ်ယူခဲ့သည့် စေတီတော်ဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများအား တာချီလိတ် မြို့မရဲစခန်းမှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား စတုတ္ထအကြိမ်မြောက်အဖြစ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရန် စေတီအပေါ်ပစ္စယံအထိ ငြမ်းဆင်ခြင်းလုပ်ငန်းများကို မတ်လ (ဒုတိယပတ်)အတွင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။