Trending Now

တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စေရန် အရေးကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ ပြည်ထောင်စုစိတ်ဓာတ် မွေးမြူကြရေးပင်ဖြစ်ဟု နစက ဥက္ကဋ္ဌ တိုက်တွန်း

Spread the love

တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စေရန် အရေးကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ ပြည်ထောင်စုစိတ်ဓာတ် မွေးမြူကြရေးပင်ဖြစ်ဟု နစက ဥက္ကဋ္ဌ တိုက်တွန်း

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၇ (၂၀၂၄)

တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စေရန် အရေးကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ ပြည်ထောင်စုစိတ်ဓာတ် မွေးမြူကြရေးပင်ဖြစ်ဟု နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။

နစက ဥက္ကဋ္ဌမှ ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် ကျရောက်သည့် (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ၌ ရေးသားပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံး အချင်းချင်းသွေးမကွဲကြဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တစ်ဦးနှင့်တစ်ဦး နားလည်ခွင့်လွှတ်မှု၊ ရိုင်းပင်းကူညီမှုတို့ဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို ဖော်ဆောင်ကြရမည်ဟု ပြောသည်။

ယင်းအပြင် မိမိတို့နိုင်ငံသည် ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ထားသည့် နိုင်ငံဖြစ်၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် အဓိကကျကာ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စေရန် အရေးကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ ပြည်ထောင်စု စိတ်ဓာတ် မွေးမြူကြရေးပင်ဖြစ်သည်ဟု တိုက်တွန်းပြောကြားသည်။

” မြန်မာနိုင်ငံအတွင်းမှာ စုစည်းနေထိုင်နေကြတဲ့ တိုင်းရင်းသားပြည်သူအားလုံးရဲ့ဆန္ဒအမှန်က အေးချမ်းသာယာဝပြောရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ စားဝတ်နေမှု ဖူလုံရေးတို့ပဲ ဖြစ်ပါတယ် ” ဟု နစက ဥက္ကဋ္ဌကပြောသည်။

လက်ရှိအချိန်၌ မိမိတို့နိုင်ငံ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းကြောင်းမှန်ပေါ်တွင် တက်ညီလက်ညီ လျှောက်လှမ်းရတော့မည့် အချိန်အခါ ရောက်နေပြီဖြစ်ကာ လက်နက်ကိုင်ပဋိပက္ခများ ဖော်ဆောင်နေခြင်း၊ တိုက်ပွဲများဖြစ်နေခြင်း၊ ဆူပူအကြမ်းဖက် ဖျက်ဆီးနှောင့်ယှက်တိုက်ခိုက်မှုများကြောင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါပျက်ပြားလာပြီး နိုင်ငံအတွက်ပါ အန္တရာယ်ရှိလာနိုင်၍ စဉ်းစားသုံးသပ်ကြရမည်ဟုလည်း ပြောသည်။

” အကြမ်းဖက် သောင်းကျန်းသူတွေဟာ သူတို့အကျိုးစီးပွားကိုသာ ဦးတည်ဆောင်ရွက် နေရုံသာမက ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဆောင်ရွက်တာ၊ စေတီပုထိုးတွေ လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ၊ အဆောက်အဦးတွေကို ဖျက်ဆီးတာတွေဟာ အလွန်အကျည်းတန် ရုပ်ဆိုးပြီး ဒေသခံတွေမှာ ဆင်းရဲဒုက္ခများစွာ ဖြစ်ပေါ်နေပါတယ် ” ဟု နစက ဥက္ကဋ္ဌကပြောသည်။

သက်ဆိုင်သူအားလုံးနှင့် တိုင်းရင်းသားပြည်သူ အပေါင်းတို့မှ တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးဖြစ်ထွန်းလာအောင် အလေးအနက်ထား စဉ်းစားဆောင်ရွက်သင့်သည့် အချိန်ကာလဖြစ်ကာ နောက်ကျလျှင် နောက်ကျသလောက် အကျိုးယုတ်နိုင်ပြီး နိုင်ငံအတွက် အန္တရာယ်ရှိသည်ကို သတိပြုကြရမည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။