Trending Now

မြစ်ကြီးနားတွင် အလုပ်မှပြန်လာသည့် အမျိုးသားတစ်ဦး ဆိုင်ကယ်အရှိန်မထိန်းနိုင်ပဲ ဓာတ်တိုင်ဝင်တိုက်ပြီး သေဆုံး

Spread the love

မြစ်ကြီးနားတွင် အလုပ်မှပြန်လာသည့် အမျိုးသားတစ်ဦး ဆိုင်ကယ်အရှိန်မထိန်းနိုင်ပဲ ဓာတ်တိုင်ဝင်တိုက်ပြီး သေဆုံး

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၉ (၂၀၂၄)

မြစ်ကြီးနားမြို့၊ ဂေါက်ကွင်းရှေ့ လမ်းမကြီးတွင် အလုပ်မှပြန်လာသည့် အမျိုးသားတစ်ဦး ဆိုင်ကယ်အရှိန်မထိန်းနိုင်ပဲ ဓာတ်တိုင်ဝင်တိုက်ပြီး သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ည ၉ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ကြောင်း မျိုးဆက်သစ် လူမှုကယ်ဆယ်ရေး အသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ အလုပ်မှပြန်လာသည့် ဦးထွန်းထွန်းမှာ ကျွန်းပင်သာရပ်ကွက်ရှိ မိမိနေအိမ်သို့ပြန်ချိန် ဆိုင်ကယ်အရှိန်များသည့်အတွက် မထိန်းနိုင်ပဲ လမ်းဘေးပလပ်ဖောင်းအား ဝင်‌တိုက်ခဲ့ရာ ဦးခေါင်းနှင့် ဓာတ်တိုင်အား ရိုက်မိသဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ရကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” သူကအလုပ်ကပြန်လာတဲ့ချိန်ဖြစ်တာ။ အရက်မူးပြီး ဝင်တိုက်တာမဟုတ်ဘူး။ဆိုင်ကယ်အရှိန် မထိန်းနိုင်လို့ လမ်းဘေးပလပ်ဖောင်းကို ဝင်တိုက်ပြီး၊ သူ့ခေါင်းကမီးတိုင်နဲ့ ရိုက်မိသွားလို့ အဲ့နေရာမှာပဲ သေ သွားတယ်။ ဆိုင်ကယ်လည်း ပျက်စီးကုန်တယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ သေဆုံးသူ ဦးထွန်းထွန်း အသက် (၄၂)နှစ်မှာ ကျွန်းပင်သာရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး၊ အခင်းဖြစ်ပွားချိန်တွင် မိသားစုများလည်း ရောက်ရှိလာကြောင်း၊ ရုပ်လောင်းအား ပြည်သူ့ဆေးရုံ ရင်ခွဲရုံတွင် ပို့ဆောင်ပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့တွင်လည်း စီတာပူရပ်ကွက် ဂျပန်လမ်းနားတွင် ဆိုင်ကယ်ချင်း တိုက်မိကြပြီး အမျိုးသမီးတစ်ဦး အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ရကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။