Trending Now

တနိုင်းတံတားအသစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း (၇၅) ရာခိုင်နှုန်းကျော်ပြီးစီး

Spread the love

တနိုင်းတံတားအသစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း (၇၅) ရာခိုင်နှုန်းကျော်ပြီးစီး

EPN
မြစ်ကြီးနား၊ မတ်လ ၂

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ တနိုင်းချောင်းကူးတံတားအသစ် (တနိုင်းတံတား) အဆင့်မြင့်တင်ခြင်း လုပ်ငန်း တည်‌ဆောက်နေမှုမှာ (၇၅)ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း လမ်းတံတားအထူးအဖွဲ့ (၁) မှ သိရသည်။

 

တနိုင်းချောင်းကို ဖြတ်ကာ တည်ဆောက်ထားသည့် တနိုင်းတံတားအသစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ မီနီဘတ်ဂျတ်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းတံတားကို မတ်လအပြီးတွင် အပြီးသက်တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း လမ်းတံတား အထူးအဖွဲ့ (၁)မှ ဒုညွန်ကြားရေးမှူး ဦးစောဇာနည်လှက ပြောသည်။

 

“အခုပြုပြင်တည်ဆောက်နေတဲ့ တနိုင်းချောင်းကူးတံတား (တနိုင်းတံတား)က (၂၀၂၀-၂၁)မီနီဘတ်ဂျတ်နဲ့တည်ဆောက်နေတာ ဖြစ်တယ်၊ အရင်တံတားက‌တော့ တစ်လမ်းသွား ဘေလီဘောင်နဲ့ RPTသံဘောင် တံတားတန်ချိန် (၂၀)လောက်ပဲ သွားလာနိုင်တယ်၊ အခုတံတားက နှစ်လမ်းသွား တည်ဆောက်နေတယ် နောက်ပြီး လူသွားလမ်းဘေးနှစ်ဘက်မှ တိုးထားတယ် တန်ချိန် (၆၀)အထိ သွားလာလို့ ရတဲ့အထိ တိုးချဲ့တည်ဆောက်ထားတယ်၊ အခု (၇၅) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

 

အဆိုပါ တံတားမှာ အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံဆက်သွယ်ထားသည့် နမ္မတီး-တနိုင်း-ပန်ဆောင် လမ်းပိုင်းဖြစ်ကာ ကုန်သွယ်ရေးအချက်အချာကျသည့်လမ်းပိုင်းဖြစ်ပြီး ယခုတံတား ဆောက်လုပ်ပြီးစီးနိုင်ပါက တနိုင်းဒေသအတွက် ပိုမိုဖွံ့ဖြိုးလာနိုင်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

 

“ကျနော်တို့ တနိုင်းဒေသအတွက် ဒီတံတားက စီးပွားရေးအချက်အချာကျတဲ့ တံတားတစ်စင်းဖြစ်လာနိုင်တယ်၊ ဘာလို့လဲဆိုတော့ အိန္ဒိယနိုင်ငံဘက်ကိုလဲ ဒီလမ်းပိုင်းကနေပေါက်တယ်၊ ထိုင်းဘက်ကိုလဲ လမ်းပေါက်တယ်၊ အဲ့ဒါကြောင့် ကုန်သွယ်စီးဆင်းမှုအတွက် ပိုမိုကောင်းမွန်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။

 

အဆိုပါ တံတားတည်ဆောက်ရန်အတွက် ပြည်ထောင်စုဘတ်ဂျတ်မှ လမ်းတန်ဖိုး ကျပ်သန်း၂၀၀၊ တံတားတန်ဖိုး ကျပ်သန်း ၃၀၀၀ အသုံးပြုထားကြောင်း သိရသည်။

ယခု တည်ဆောက်နေသည့် တနိုင်းတံတားအသစ်သည် ယာဉ်သွားလမ်း ၂၄ပေ၊ နှစ်လမ်းသွား၊ လူသွားလမ်းဘေးနှစ်ဖက် (၆)ပေ နှင့် တံတားအရှည်ပေ ၉၀၀ ကျော်ရှိပြီး ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန်မှာ တန် ၆၀ အထိ ဖြတ်သန်းသွားလာနိုင်သည့် တံတားကြီး တစ်စင်း ဖြစ်လာသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။