Trending Now

ဖားကန့်ပြည်သူ့ဆေးရုံကြီးသို့ COVID -19 ကာကွယ်ရေးဝတ်စုံ(PPE)နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်း

Spread the love

ဖားကန့်ပြည်သူ့ဆေးရုံကြီးသို့ COVID -19 ကာကွယ်ရေးဝတ်စုံ(PPE)နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်း

EPN
ဖားကန့်၊ မတ် ၂၆



ဖားကန့်ပြည်သူ့ဆေးရုံကြီးသို့ ယနေ့ မတ်လ(၂၆) ရက် နံနက်ပိုင်းအချိန်က ဆေးရုံသုံး COVID-19 ကာကွယ်ရေးဝတ်စုံ(PPE) နှင့်အခြားဆက်စပ် ပစ္စည်းများအား ကျောက်စိမ်း၊ ကျောက်မျက် တူးဖော်ရေးကုမ္ပဏီ တစ်ခုမှ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

လက်ရှိ ပြည်သူအများကြုံတွေ့နေရသည့် COVID-19 ရောဂါပိုး ကြိုတင်ကာကွယ်ရန်အတွက် လိုအပ်သည့် ကာကွယ်ရေးဝတ်စုံများနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းရခြင်း ဖြစ်ကြောင်း ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ လင်းလက်ဝင်း ကျောက်မျက်ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ဖားကန့်ဒေသအတွက် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေကို ပူးပေါင်းလုပ်ဆောင်သွားမှာပါ။မနက်ဖြန်မှာလည်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(ဖားကန့်)ကနေ အစိုးရအဖွဲ့ကို စုပေါင်းလှူဒါန်းပွဲမှာလည်း ထည့်ဝင်လှူဒါန်းထားပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါကုမ္ပဏီအနေဖြင့် ယနေ့နံနက် ဖားကန့်ပြည်သူ့ဆေးရုံသို့ COVID-19 ကာကွယ်ရေးဝတ်စုံ (PPE) ၁၂၀-စုံ၊ KN-95 Face Mark ၊ဆေးရုံသုံးခေါင်းစွပ်၊ နှာခေါင်းကာဗာရိုးရိုး၊ဆေးရုံသုံး မျက်မှန်များ လှူဒါန်းပေးအပ်ရာ ကာလတန်ဖိုးကျပ် (၄,၃၀၃,၀၀၀) ဖြစ်ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုနှင့် ပတ်သက်၍ ကျန်းမာရေးဌာနအနေဖြင့် ပြည်သူများကိုယ်စား ကျေးဇူးတင်ပါကြောင်း ယခုလက်ရှိတွင် ကာကွယ်ရေးဝတ်စုံများမှာ သုံးစရာ မလိုသေးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တစ်ခုခု ဖြစ်ပေါ်လာခဲ့ပါက သုံးစွဲရန် အဆင်သင့်ရှိနေသည့်အတွက် အလွန်ကောင်းမွန်ကြောင်း ဖားကန့်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က ပြောသည်။

ထို့အပြင် ယခုအခါ ကွန်းဖောင်ဒေးရှင်းပရဟိတ လူမှုကူညီရေးအဖွဲ့မှ COVID-19 ကာကွယ်ရေးဝတ်စုံ (PPE)အစုံ (၁၀၀၀)မှာယူထားရှိပြီး၊ ကျန်းမာရေးဌာနနှင့် မျှဝေသုံးစွဲမည်ဖြစ်ရာ ဖားကန့်မြို့နယ်အတွက် ကာကွယ်ရေး ဝတ်စုံ (၁၁၀၀) အဆင်သင့်ရှိနေကြောင်း ၎င်းမှ ထပ်မံပြောကြားသည်။

အလားတူ နေမင်းကမ္ဘာကျောက်စိမ်း၊ကျောက်မျက်တူးဖော်ရေးကုမ္ပဏီအနေဖြင့် ယနေ့နံနက်ပိုင်းအချိန်က အပူချိန်တိုင်းကိရိယာ ဒီဂျစ်တယ် သာမိုမီတာ နှစ်လုံးအားလည်း ဖားကန့်ပြည်သူ့ဆေးရုံသို့ လာရောက်လှူ ဒါန်းခဲ့ကြောင်း သိရသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။