Trending Now

သင်္ကြန်ကာလ နီးကပ်လာသည့်အတွက် အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသွား ပြန်လည်မြင့်တက်

Spread the love

သင်္ကြန်ကာလ နီးကပ်လာသည့်အတွက် အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသွား ပြန်လည်မြင့်တက်

EPN

မြစ်ကြီးနား ၊ ဧပြီ ၂

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် သင်္ကြန်ကာလ နီးကပ်လာသည့်အတွက် နေရပ်ပြန်ရန် အဝေးပြေးယာဉ် အသုံးပြုကာ ခရီးသွားကြသည့် ခရီးသည်များ ပိုမိုမြင့်တက်လာကြောင်း မြစ်ဖျားဧရာ အဝေးပြေးရှိ ယာဉ်လိုင်းများထံမှ သိရသည်။

ယခင် ကိုဗစ်ကာလ အခြေအနေများနှင့် နိုင်ငံရေးအခြေအနေများ ကြောင့် အဝေးပြေးမော်တော်ယာဉ်လိုင်းများတွင် ခရီးသည် မရှိသလောက် နည်းပါးခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ခရီးသည်များ တစ်ဟုန်ထိုး ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း မြစ်ကြီးနားခရိုင်ယာဉ်များ ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” အရင်ကဆို ခရီးသည်တွေက မရှိတော့ တစ်ရက်ခြား နှစ် ရက်ခြားပြီး မှ ကားဆွဲရတယ်၊အဓိက က ကုန်ပစ္စည်းတွေကို အားထားပြီး ပြေးဆွဲရတယ်၊ အခု ဧပြီလ အစပိုင်းမှာပဲ ခရီးသည်တွေ အများကြီးကျလာတယ် ၊ ပုံမှန်လို ပြေးဆွဲဖြစ်နေတယ်၊ သင်္ကြန်ကာလဆိုတော့ အလုပ်တွေ နား ပြီး နေရပ်ပြန်တဲ့ သူတွေများတာကို တွေ့ရတယ် ၊ ” ဟု ၎င်းက ပြောသည်။

လက်ရှိ အဝေးပြေးယာဉ်လိုင်းများတွင် လက်မှတ်ဝယ်ယူရာတွင် ရက်ကြို ဝယ်ယူနေရသလို တချို့ယာဉ်လိုင်းများတွင် ဧပြီလ ၁၂ ရက်အထိ လက်မှတ် မရှိတော့သည့်အထိ ရောင်းချရမှုများရှိနေကြောင်း ခရီးသည်များထံမှ သိရသည်။

” မနေ့က ပဲ လက်မှတ်ဖြတ်တာ ရက်ကြိုပြီးမှာမှ ရတော့တယ် ၊ ခုံတွေအားလုံးပြည့်နေပြီလို့ပြောတယ်၊ အရင်ရက်တွေက ကားနဲ့သွားရင် တစ်ခုံပဲ ဝယ်ပေမဲ့ ဘေးခုံက လွတ်တာတွေ ရှိတယ် အခုကတော့ ခရီးသည်များလာတော့ လက်မှတ်တွေလဲ အလုအယက်ဝယ်နေရတယ် ” ဟု ၎င်းကပြောသည်။

လာမည့် သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများ ရပ်နားရန် ရှိနေသည့်အတွက် နေရပ်ပြန်ခရီးသည်အများစု လက်မှတ်ကြိုတင်ဝယ်ယူမှုများကြောင့် ခုံမရှိတော့သည့်အထိ ရောင်းချနေရခြင်းဖြစ်ကြောင်း ယာဉ်လိုင်းများထံမှ သိရသည်။

မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ ပြည်နယ် အနှံ့ ပြေးဆွဲနေသည့် ယာဉ်လိုင်း ( ၄၀)လိုင်း နှင့် ပြည်နယ်တွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်း ( ၆၇)လိုင်း စုစုပေါင်း ယာဉ်လိုင်း (၁၀၇)လိုင်း ပြေးဆွဲလျက်ရှိကြောင်းသိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။