Trending Now

ယာဉ်တိုက်မှုအန္တရာယ် ကင်းစင်လျော့နည်းစေရန် အသိ‌ပညာပေး ဟောပြောပွဲများ ပြုလုပ်

Spread the love

ယာဉ်တိုက်မှုအန္တရာယ် ကင်းစင်လျော့နည်းစေရန် အသိ‌ပညာပေး ဟောပြောပွဲများ ပြုလုပ်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၆ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း၌ ယာဉ်တိုက်မှုဖြစ်ပွားနှုန်း ကျဆင်းလာစေရန် အသိပညာပေး ဟောပြောပွဲများကို ပြုလုပ်လျက်ရှိကြောင်း မြစ်ကြီးနားမြို့နယ် ယာဉ်ထိန်းရဲစခန်းမှ သိရသည်။

မြစ်ကြီးနားမြို့ပေါ် တွင် ဖြစ်ပွားလျက်ရှိသည့် ယာဉ်တိုက်မှု၊ Accident ဖြစ်ပွားခြင်းများ လျော့ကျစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲများကို ယာဉ်ရပ်နားစခန်းနှင့် စာသင်ကျောင်းတို့တွင် ဟောပြောပွဲများ ပြုလုပ်လျက်ရှိကြောင်း မြို့နယ်ယာဉ်ထိန်းရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

” မြစ်ကြီးနားမြို့‌ပေါ်မှာ ကျွန်တော်တို့ အဖွဲ့တွေ အနေနဲ့ ယာဉ်အန္တရာယ်ကင်းစင်စေဖို့ စာသင်ကျောင်းတွေနဲ့ အဝေးပြေးယာဉ်ရပ်နားစခန်းတွေမှာ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း အသိပညာပေး ဟောပြောပွဲတွေကို ပြုလုပ်ပေးနေတယ် ” ဟု ၎င်းကရှင်းပြသည်။

ယင်းအပြင် မြစ်ကြီးနားမြို့ပေါ် ရှိ မီးပွိုင့် လမ်းဆုံ၊ လမ်းခွတို့တွင်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သူများကိုလည်း ဖမ်းဆီးအရေးယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ် တွင် ယခုနှစ်အတွင်း ယာဉ်တိုက်မှု၊ ယာဉ် Accident ဖြစ်ပွားမှုများမှာ ယခင်နှစ်ထပ် ပိုမိုဖြစ်ပွားနေကြောင်း မြစ်ကြီးနားမြို့ပေါ်ရှိ လူမှုကူညီရေးအသင်း တစ်ခုထံမှ သိရသည်။

” မြစ်ကြီးနားမြို့ပေါ် မှာ ယာဉ်တိုက်မှုဖြစ်ပွားနေတာ‌က‌တော့ နေ့တိုင်းနီးပါလိုပါပဲ။ ကားတိုက်ခံရတာ၊ ဆိုင်ကယ်အချင်းချင်းတိုက်တာ‌တွေ၊ အမူးလွန်ပြီးဆိုင်ကယ်မှောက်တာ အရှိန်လွန်ပြီး လမ်းလယ်ကျွန်း ဝင်တိုက်တာတွေ ခဏခဏ ဖြစ်နေတယ် ” ဟု ၎င်းကပြောသည်။

မြစ်ကြီးနားမြို့ပေါ် တွင် ယခုနှစ်အတွင်းယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး၊ ပြီးခဲ့သည့် လအတွင်းကလည်း တစ်ရက်အတွင်း ယာဉ်တိုက်မှု သုံးကြိမ်အထိဖြစ်ပွားခဲ့ကာ ဇန်နဝါရီ ၁၇ ရက်နေ့ တွင် ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။