Trending Now

MBGA ကုမ္ပဏီက ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံ တည်ဆောက်နေသည့် ဝိုင်းမော်အမှတ်(၂) ဈေး နှင့် ပတ်သတ်၍ မဟုတ်မမှန် စွပ်စွဲမှုများ ရှိနေဟု ကုမ္ပဏီတာဝန်ခံပြော

Spread the love

MBGA ကုမ္ပဏီက ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံ တည်ဆောက်နေသည့် ဝိုင်းမော်အမှတ်(၂) ဈေး နှင့် ပတ်သတ်၍ မဟုတ်မမှန် စွပ်စွဲမှုများ ရှိနေဟု ကုမ္ပဏီတာဝန်ခံပြော

EPN
ဝိုင်းမော်၊ ဇွန် ၁၅

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ အမှတ်(၂)၊ ဝိုင်းမော်စည်ပင်သာယာဈေး (နှစ်ထပ်ဈေး) ကို မြစ်ကြီးနား ရွှေညီကိုများ ကုမ္ပဏီ (MBGA)က ရာခိုင်နှုန်းပြည့် ရင်းနှီးမြုပ်နှံကာ တည်ဆောက်နေသည့် အပေါ် ဝိုင်းမော်ပြည်သူ့အချို့ စွပ်စွဲမှုများရှိနေပြီး ယင်းစွပ်စွဲမှုများမှာ မှန်ကန်မှု မရှိကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

အဆိုပါ အမှတ်(၂)ဈေးကို ရွှေညီကိုများကုမ္ပဏီက တင်ဒါစနစ်ဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး ယင်းအပေါ် ဝိုင်းမော်ပြည်သူအချို့က ယင်းဆိုင်ခန်းများကို ကြိုတင်ရောင်းချနေကြောင်း၊ ဆိုင်ခန်းရောင်းရငွေ များဖြင့် တည်ဆောက်နေခြင်း ဖြစ်ကြောင်း စွပ်စွဲမှုများမှာ မှန်ကန်မှု မရှိကြောင်း ဆောက်လုပ်ရေး ကုမ္ပဏီတာဝန်ခံ ဦးစိုးရီက ယခုကဲ့သို့ ရှင်းလင်း ပြောဆိုသည်။

“လုပ်ငန်းပိုင်းကိုတော့ ကျွန်တော်တို့ ကုမ္ပဏီကနေ ရာနှုန်းပြည့် ရင်းနှီးထားတယ်။ စည်ပင်ကတော့ မြေထုတ်တယ်။ ကျွန်တော်တို့က အများပိုင်ကုမ္ပဏီ တစ်ခုဖြစ်တယ်၊ အခုလက်ရှိ ဒီဆောက်လုပ်ရေး အတွက် ပစ္စည်းတွေ သံချောင်းတွေ၊ ဖရိန်တွေအုတ်တွေ သဲကျောက်တွေ အားလုံး အပြည့်အစုံကို ကုမ္ပဏီတွေဆီကနေ တခါတည်း ဖြတ်ထားပြီးသား ဘာမှမလိုတော့ဘူး။ ဝိုင်းမော်ပြည်သူအချို့ ပြောသလို ဆိုင်ခန်းတွေ ကြိုရောင်းပြီး အဲဒီရောင်းရငွေနဲ့ တည်ဆောက်တာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ယင်း အမှတ်(၂)ဈေးတွင် ဆိုင်ခန်းပေါင်း ၃၀၀ကျော်ရှိမည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများ မပြီးစီးသေးသော်လည်း လက်ရှိတွင် ဆိုင်ခန်းဝယ်ယူရန် စာရင်းလာရောက်ပေးသွင်းသည့် လူဦးရေသည် ဆိုင်ခန်းအရေအတွက်ထက်ကျော်လွန်နေပြီး သတ်မှတ် အရေအတွက်ထက် ကျော်လွန်နေသောကြောင့် ကုမ္ပဏီအနေဖြင့် လက်မခံတော့သည့်အခြေအနေတွင် ဆိုင်ခန်းရရှိသည့်သူနှင့် ဆိုင်ခန်းမရသည့်သူ နှစ်ဘက်ပြည်သူကြား အငြင်းပွားမှုများကြောင့် ယခုကဲ့သို့ စွပ်စွဲချက်များ ပေါ်ထွက်လာရခြင်း ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ခံဦး က ယခုကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့သည်။

“ကျွန်တော်တို့ စာရင်းစလက်ခံကတည်းက ဝိုင်းမော်ပြည်သူတွေကိုပဲ လက်ခံတယ်။ အဲ့ဒါကြောင့် တချို့ တွေက ရေတွင်းစတူးကတည်းကကို ကြိုတင်ပြီး စာရင်းလာပေးကြတယ်။ အခုက ဒီစာရင်းလက်ခံ ထားတဲ့သူတွေကိုလည်း မရတော့ဘူးလို့ပြောရင်လည်း ကုမ္ပဏီက ကတိမတည်သလိုဖြစ်သွားမယ် ရှင်းရှင်းပြောရင် ဒီဝိုင်းမော်ပြည်သူ တစ်ရပ်လုံးကို အားလုံးပေးနိုင်အောင် လုပ်မယ်ဆိုရင်တော့ ဒီနှစ်ရာ သုံးရာလောက်ရှိတဲ့ ဆိုင်ခန်းနဲ့ ဘယ်လိုမှ မလောက်နိုင်ဘူး။ အခုက ပြဿနာက ဆိုင်ခန်းရတဲ့သူနဲ့ မရတဲ့သူနဲ့ဖြစ်တာပေါ့”ဟု ၎င်းက ပြောသည်။

ယင်းဈေးကို မြစ်ကြီးနား ရွှေညီကိုများ ကုမ္ပဏီအနေဖြင့် တည်ဆောက် ကာလ တစ်နှစ်နှင့် ဈေးဆိုင် ခန်းများ ရောင်းချမည့် ကာလ နှစ်နှစ်သက်တမ်းဖြင့် ပြည်နယ်အစိုးရနှင့် စာချုပ်ဆိုထားပြီး ကုမ္ပဏီက ရာခိုင်နှုန်းပြည့် ရင်းနှီးမြုပ်နှံကာ တည်ဆောက်နေခြင်း ဖြစ်ကြောင်း ပြည်နယ်၊ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီက ထောက်ပြ ပြောဆိုခဲ့သည်။

“ကျွန်တော်တို့ စည်ပင်က ပိုက်ဆံရင်းနှီးမြုပ်နှံထားတာ မဟုတ်ဘူး။ ကုမ္ပဏီက သူကိုယ်တိုင်က တစ်ရာ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံထားတာ ဆိုင်ခန်းကတော့ သူဟာနဲ့သူ ရောင်းမှာဖြစ်တယ်။’’ဟု ဝန်ကြီး ဦးနောလီက ပြောသည်။

ကုမ္ပဏီအနေနဲ့ ယင်းဈေးဆိုင်ခန်းများကို ဦးပိုင်စနစ်ဖြင့် ရောင်းချ သွားမည် ဖြစ်ပြီး ဆိုင်ခန်းတည်နေရာနှင့် အနေအထားအလိုက် တစ်ခန်းလျှင် ကျပ်သိန်း(၁၃၀)မှ ကျပ်သိန်း(၁၈၀)အထိ ဈေးနှုန်းသတ်မှတ် ထားကြောင်း သိရသည်။

လက်ရှိဈေးဆိုင်ခန်းရရှိသည့် ပြည်သူနှင့် ဈေးဆိုင်ခန်းမရရှိသေးသည့် နှစ်ဘက်ပြည်သူ၏ အငြင်းပွား နေသည့် အခြေအနေကို အဆင်ပြေအောင် ညှိနှိုင်း ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း စည်ပင်ဝန်ကြီး ဦးနောလီက ထည့်သွင်းပြောဆိုခဲ့သည်။

အဆိုပါ ဈေး တည်ဆောက်နိုင်ရေးအတွက် ပန္နတင် မင်္ဂလာ အခမ်းအနားကို မေလ (၇)ရက်နေ့က ပြုလုပ်ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်၊ စည်ပင်ဝန်ကြီး ဦးနော်လီ တို့ တက်ရောက်ခဲ့သည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။