Trending Now

ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရည်မှန်းသော ပန်းတိုင်ကို အကောင်အထည်ဖေါ်နိုင်ကြပါစေ

Spread the love

 
ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရည်မှန်းသော ပန်းတိုင်ကို အကောင်အထည်ဖေါ်နိုင်ကြပါစေ

EPN
အယ်ဒီတာ့အာဘော်၊ ဇူလိုင် ၂၈

၂၀၁၅ အထွေထွေရွေးကောက်ကြီးအပြီး ယင်းရွေးကောက်ပွဲကို သင်ခန်းစာယူကာ ယခုနှစ် အတွင်းမှာ တိုင်းရင်းသားပြည်နယ်အချို့တွင် တိုင်းရင်းသားပါတီများ ပေါင်းစည်းမှုများ လုပ်ဆောင်လာကြသည် ကို တွေ့ရသည်။ တိုင်းရင်းသားပါတီများအနေဖြင့် ပြီးခဲ့သည့် ရွေးကောက်ပွဲမှာ လွှတ်တော်အဆင့်ဆင့် နေရာများတွင် ကိုယ်စားလှယ်များ ထင်သလောက်နေရာ မရရှိခဲ့သည့်အတွက် ယခုကဲ့သို့ ပြင်ဆင် ပူးပေါင်းလာခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင်လည်း ကချင်နိုင်ငံရေးပါတီ ၃ခု ပူးပေါင်းပြီး ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဆိုပြီး ဖွဲ့စည်းတည်ထောင်လိုက်သည်။ ဒါဟာ ကချင်ပြည်နယ်အတွင်းမှ မြို့နယ်အားလုံးတွင် ကိုယ်စားလှယ်များ အနိုင်ရရှိ၍ လွှတ်တော်အသီးသီး၌ ပြည်နယ်သူ၊ ပြည်နယ်သားများ၏ အကျိုးကိစ္စ များကို ပိုမိုဆွေးနွေး အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်ရန် ဖြစ်သည်။ ထို့အပြင် ယခုကဲ့သို့ ပါတီများ ပူးပေါင်းလိုက်ခြင်းသည် ကောင်းမွန်သည့် လုပ်ဆောင်မှု ဖြစ်သည်။ ပါတီများ ပေါများ များပြားသည့်အခါ ပါတီဝင်များအနေဖြင့်လည်း မိမိတို့ ဆွေးမျိုးတော်ရာတော်ကြောင်း မဲပေးနေကြ သည့်အတွက် တိုင်းရင်းသားပြည်နယ်ဒေသမှာ တိုင်းရင်းသားကိုယ်စားလှယ်များ အနိုင်ရနိုင်ချေ နည်းပါးသည်။

သို့သော် ဤနေရာမှာ ပြည်နယ်အတွင်း တိုင်းရင်းသားပါတီများအနေဖြင့် မိမိတို့ လူမျိုးတစ်မျိုးတည်း၏ အရေးကိစ္စများကိုသာ ဦးစားပေးဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ပါတီအတွင်းမှာလည်း ပြည်နယ် အတွင်းရှိ အခြားသော တိုင်းရင်းသားလူမျိုးများကို နေရာပေးခြင်း၊ လက်တွဲခေါ်ခြင်း စသည့် လုပ်ဆောင်ချက်မျိုးရှိရန် လိုအပ်သည်။ ဥပမာဆိုရသော် ကချင်ပြည်နယ်မှာ ကချင်လူမျိုး တစ်ခုတည်း ကိုပဲ စည်းရုံးတွဲခေါ်ခြင်းမဟုတ်ဘဲ အခြားတိုင်းရင်း သားများဖြစ်သည့် ရှမ်း၊ လီဆူ၊ ဗမာနှင့် အခြားသော တိုင်းရင်းသားများကိုလည်း တွဲခေါ်နိုင်မှ မိမိလိုလားသော ရည်မှန်းချက်ကို ရရှိနိုင်မည် ဖြစ်သည်။

အဓိက အရေးကြီးဆုံးသည် ပါတီတစ်ခု၊ လူမျိုးတစ်ခု၊ ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု ကောင်းစားခြင်း မဟုတ်ဘဲ မတူညီသော အရာများစုဖွဲ့ပြီး ကောင်းမွန်သော ရွေးကောက်ပွဲ၊ စည်းကမ်းပြည့်ဝပြီး တရားမျှတသော နိုင်ငံ၊ ပြည်နယ်၊ ဒေသတစ်ခုကို တည်ဆောက်နိုင်ဖို့ဖြစ်သည်။ လွှတ်တော်အသီးသီးမှာ တိုင်းရင်းသားကိုယ်စားလှယ်များ နေရာအတော်များများ ရရှိနေမည်ဆိုလျှင် တိုင်းရင်းသားများ၏ အခွင့်အရေးများသည်လည်း ပိုမိုရရှိလာမည်ဖြစ်သည်။

လူထု လိုလားတောင်းတသော၊ အားကောင်းသော လူ့အခွင့်အရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ကျင့်သုံးသော လူ့အဖွဲ့အစည်း တည်ဆောင်နိုင်ရန် တိုင်းရင်းသား ပါတီအချင်းချင်း စည်းလုံးရမည် ဖြစ်သလို တိုင်းရင်းသား အချင်းချင်း စည်းလုံးရန်လည်း လိုအပ်ပေသည်။
ယခု တိုင်းရင်းသားပါတီများ ပေါင်းစည်းမှုများနှင့် စည်းရုံးပေါင်းစပ်မှုပုံစံများသည် ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ပေါင်းစပ် ဆောက်တည်လာသည်ကို တွေ့ရသည်။ သို့သော် မည်သို့ပင် ကွဲပြားသည့် ပုံသဏ္ဍာန်များနှင့် ပေါင်းသည်းကြပါ သော်လည်း ရည်ရွယ်ချက်တစ်ခုတည်းသာဖြစ်သည်။

ယင်းမှာ လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ လွှတ်တော်အသီးသီးတွင် တိုင်းရင်းသားကိုယ်စားလှယ်များ နေရာ တော်တော်များများ ရရှိအောင် ကြိုးပမ်းနေကြခြင်းဖြစ်သည်။ ထို့ကြောင့်လာမည့် ရွေးကောက်ပွဲ တွင် တိုင်းရင်းသားပါတီများ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ရည်မှန်းထားသော ပန်းတိုင်ကို အကောင်အထည် ဖေါ်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။

အယ်ဒီတာ့အာဘော်
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်
Eternally Peace News Network (EPN)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။