Trending Now

မြစ်ကြီးနားမြို့တွင် ပထမဆုံးအကြိမ် သဲသောင်ပြင် ပိုက်ကျော်ခြင်းပြိုင်ပွဲကို နောင်တာလောမလိခအပန်းဖြေစခန်းတွင် ကျင်းပပြုလုပ်သွားမည်

Spread the love

မြစ်ကြီးနားမြို့တွင် ပထမဆုံးအကြိမ် သဲသောင်ပြင် ပိုက်ကျော်ခြင်းပြိုင်ပွဲကို နောင်တာလောမလိခအပန်းဖြေစခန်းတွင် ကျင်းပပြုလုပ်သွားမည်

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၅

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပထမဆုံးအကြိမ်အဖြစ် သဲသောင်ပြင် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဧရာဝတီမြစ်လယ်ရှိ နောင်တာလော မလိခ သဲသောင်ပြင် (ရေလယ်ကျွန်း)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နောင်တာလော မလိခ သဲသောင်ပြင် အပန်းဖြေစခန်း ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ယင်းပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကာ ကချင်ပြည်နယ် အတွင်းရှိ ပိုက်ကျော်ခြင်း ဝါသနာရှင်များအတွက် သဲသောင်ပြင်၌ ကစားခြင်း အတွေ့အကြုံသစ်များ ရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းကချင်ပြည်နယ် ပိုက်ကျော်ခြင်း ဆပ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” အဓိကတော့ ဒီအပန်းဖြေစခန်းမှာ sport zone တစ်ခု ဖော်ဆောင်သွားမယ်၊ ဒီတော့ ကစားပွဲမျိုးစုံ စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်ဖို့ ရှိတယ်၊အခုကနေစပြီး ပထမဆုံး သဲသောင်ပြင်ပိုက်ကျော်ခြင်း ပြိုင်ပွဲကို စတင်လိုက်တာဖြစ်တယ်၊ အခုအကြိမ်က သဲသောင်ပြင်မှာ ပြုလုပ်မှာဆိုတော့ သဲသောင်ပြင်မှာ ကစားရမဲ့ နည်းစနစ်တွေကို သေသေချာချာ ပြောပြထားတယ်၊ နောက်ပြီးကစားသမားတွေအနေနဲ့ စိတ်ဝင်စားကြမယ်လို့ယုံကြည်တယ်၊ ” ဟု ၎င်းကပြောသည်။

ပုံမှန်မြေပြင်နှင့် မတူသည့် သဲသောင်ပြင်တွင် ကစားသွားရမည်ဖြစ်သည့်အတွက်ကြောင့် ထူးခြားသည့်အတွေ့အကြုံများရရှိလာနိုင်ကြောင်း၊ ယခုလိုပွဲမျိုး စဥ်ဆက် မပျက်ပြုလုပ်ပေးနိုင်ပါက ကချင်ပြည်နယ်၏ သဲသောင်ပြင်အားကစားနည်းပေါင်းစုံတွင် ပြည်နယ်လက်ရွေးစင်ကောင်းများ ပေါ်ပေါက်လာနိုင်မှာဖြစ်ကြောင်း အဆိုပါ သဲသောင်ပြင်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် ကစားသမားတစ်ဦးကပြောသည်။

” အရင်ကဆို မြေပြင်မှာပဲ ကစားရတယ်၊ အခုက သဲသောင်ပြင်မှာ ဖိနပ်မပါပဲ ကစားရမယ်ဆိုတော့ စိတ်လှုပ်ရှားတယ်၊ အခုလို သဲသောင်ပြင်ပိုက်ကျော်ခြင်းပြိုင်ပွဲဆိုတာ မရှိခဲ့ဖူးဘူး၊ ကိုယ်ကစားတဲ့ အားကစားက ပုံစံသစ်တစ်မျိုးနဲ့ကစားရမှာဆိုတော့ ပျော်ရွှင်ရတယ်၊ အခုလို သဲသောင်ပြင်အားကစားပြိုင်ပွဲတွေက ကမ္ဘာမှာဆိုလဲ ယှဥ်ပြိုင်နေကြတယ်၊ အခုလို ပွဲတွေသာ စဥ်ဆက်မပြတ်လုပ်ပေးနိုင်ရင် ပြည်နယ်ကိုယ်စားပြု၊ ဒီကနေ နိုင်ငံကိုယ်စားပြုထိ ရောက်အောင် ကြိုးစားနိုင်မဲ့ အခွင့်အရေးတွေရလာမှာဖြစ်တယ်” ဟု၎င်းကပြောသည်။

ယင်းသဲသောင်ပြင် လေးယောက်တွဲ အမျိုသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ ၁၈ ရက်နေ့အထိ ၃ ရက်ကြာကစားသွားမည်ဖြစ်ကာ အသင်း၁၂ သာကန့်သတ်ထားပြီး တစ်သင်းလျှင်အသင်းဝင်ကြေးအဖြစ် ကျပ်တစ်သောင်းပေးသွင်းရမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ သဲသောင်ပြင်ခြင်းလုံးပြိုင်ပွဲတွင် ပထမဆု ၃ သိန်း ၊ ဒုတိယဆု ၂ သိန်း ၊ တတိယဆု ၁ သိန်း နှင့် အခြားဆုများလည်း ချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။