Trending Now

လာမယ့်နွေမှာ ပြည်သူရင်အေးအောင် လျှပ်စစ်ကို ဘယ်လိုစီမံမလဲ

Spread the love

လာမယ့်နွေမှာ ပြည်သူရင်အေးအောင် လျှပ်စစ်ကို ဘယ်လိုစီမံမလဲ

EPN
သတင်းဆောင်းပါး

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်
ကောင်းဇေ ရေးသည်

“ဟာ မီးပြတ်သွားပြန်ပြီ၊ ဒီနေ့လည်း ထမင်းအိုးက ပျက်ပြန်ပြီ’’ အိမ်ရှင်မ တစ်ဦးရဲ့ ငြီးတွားနေတဲ့ အသံပါ။ နေ့စဉ် ကြားနေကျဖြစ်တဲ့ ငြီးတွားသံပါ။ လျှပ်စစ်ကို နေ့စဉ် အသုံးပြုနေတဲ့ ပြည်သူတွေအတွက် လျှပ်စစ်မီး ပြတ်တောက်တာက အင်မတန်ကို ဆိုးဝါးတဲ့ အခြေအနေ တစ်ခုပါ။ အိမ်ရှင်မတွေရဲ့ နေ့စဉ် ကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲမှာ လျှပ်စစ်မီးကလည်း တစ်ခုအပါအ၀င် ဖြစ်လာပါတယ်။

မြန်မာနိုင်ငံရဲ့ နှစ်စဉ်ဓာတ်အား သုံးစွဲမှုတွေကလည်း မြင့်တက်နေတာပါ။ မြို့ကြီး၊ ပြကြီးတွေမှာဆိုရင် တိုးမြင့်လာတဲ့ တိုက်တာအဆောက်အဦတွေ၊ တိုးပွားလာတဲ့ လူဦးရေကို ကြည့်ရင်လည်း ဓာတ်အားသုံးစွံလာမှု မြင့်တက်နေတာကို တွေ့မြင်နိုင်မှာပါ။ အိမ်ထောင်တစ်စုမှာ ကြည့်မယ်ဆိုရင်လည်း မီးဖိုချောင်ကနေစပြီး ဇိမ်ခံပစ္စည်းတွေဖြစ်တဲ့ တီဗီ၊ ရေခဲသေတ္တာ၊ အဲယားကွန်း၊ အဝတ်လျှော်စက် စတာတွေကအစ နည်းပညာက မြင့်လာသလို လျှပ်စစ်နဲ့သာသုံးစွဲရတဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ နေ့စဉ် လျှပ်စစ်ကို အားပြုနေရတဲ့ ပြည်သူတွေ အတွက်ကတော့ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်တာကလည်း နေ့စဉ် ကြုံတွေ့နေရတဲ့ အခက်အခဲ တစ်ခုဆိုရင်လည်း မမှားပါဘူး။

အိုးအိမ် တိုက်တာတွေပေါတဲ့ မြို့ပြလိုနေရာမျိုးမှာ ချက်ပြုတ်ရေးအတွက် ထင်း၊ မီးသွေးတို့က ဘယ်လိုမှ အဆင်မပြေပါဘူး။ ဂက်စ်ကို အသုံးပြုမယ် ဆိုတော့လည်း ခုလိုကြပ်တည်းတဲ့ ကာလကြီးမှာ ဂက်စ်ဖြည့်ရတဲ့ အပိုကုန်ငွေကလည်း သိသာလှပါတယ်။ နောက်တစ်ချက်က ဂက်စ်ကို ထင်း၊ မီးသွေး ၀ယ်သလို အလွယ်တကူ ဖြည့်လို့ မရပါဘူး။ ဂက်စ်ဖြည့်လို့ ရတဲ့ဆိုင်ကလည်း ရှားပါတယ်။ ပြောရလို့ရှိရင် ဂက်စ်ဖြည့်ခ၊ ဂက်စ်သွားဖြည့်တဲ့အခါ မောင်းနှင်ရတဲ့ ဆိုင်ကယ်ဆီဖိုးတွေကအစ အပိုကုန်ကျမှုတွေပဲ ဖြစ်ပါတယ်။ ခုလိုမျိုး အချိန်ကာလမှာ အရာရာကို ချင့်ချိန်သုံးစွဲနေရတဲ့ ကာလဖြစ်တာကြောင့် အပိုကုန်ကျမှုတွေက ပြည်သူတွေအတွက် ကြီးမားတဲ့ ပြဿနာ တစ်ခုပါပဲ။

လျှပ်စစ်မီးနဲ့ ပတ်သက်ပြီး လာမည့်နွေရာသီမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်မည် မဟုတ်ဘဲ အချိန်ပိုင်းပေးဝေမယ့် အစီအစဉ်တွေ ချမှတ်ရမယ်လို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့တာကို တွေ့ရပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံးမှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးဆောင်ရွက်သွားမည့် အစီအမံများနဲ့ ပတ်သက်တဲ့ ညှိနှိုင်းအစည်းအဝေးပွဲမှာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

လာမည့်နွေရာသီကာလမှာ ပြည်သူလူထုရဲ့ တစ်နေ့တာ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက် မပေးနိုင်သော်လည်း ရရှိတဲ့ လျှပ်စစ်ဓာတ်အားကို လူတိုင်းအချိန်ပိုင်း အလိုက် မျှဝေခံစားနိုင်အောင် ဓာတ်အားဖြန့်ဖြူးပေးသွားမယ့် အစီအမံတွေ ချမှတ်ဆောင်ရွက်သွားဖို့ လို အပ်ကြောင်း၊ ထိုသို့ အချိန်ပိုင်းအလိုက် ဓာတ်အားသုံးစွဲမှု ပေးဝေနိုင်တဲ့ အချိန်များမှာလည်း ဓာတ်အားရရှိ တဲ့ အချိန်တိုင်း အပြည့်အဝရရှိစေဖို့် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် ဓာတ်အား ခွဲရုံတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာကြောင့် ကြိုတင်ပြီး ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်ထားဖို့် လိုအပ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားထားတာ ဖြစ်ပါတယ်။

ဒီလိုမျိုး လျှပ်စစ်ဓာတ်အားကို ၀န်အားလျှော့ချရတာကလည်း ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုနဲ့ ၁၃၂ ကေဗွီ ဘီလူးချောင်း – တီကျစ်ဓာတ်အား လိုင်း တာဝါတိုင် ကျိုးပဲ့ခြင်းတို့ကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပို့လွှတ်မှု စုစုပေါင်း ၂၈၀ MW ခန့် လျော့နည်းခဲ့ကြောင်း၊ ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း အရေးပေါ် ထိန်းသိမ်းပြုပြင်နေစဉ် ကာလအတွင်း အလုံသဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်အမှတ် (၁၊ ၂) မှ ၄၅ MW ၊ Toyothai ဓာတ်အား ပေးစက်မှ ၁၁၅ MW၊ သာကေတ ဓာတ်အားပေးစက်မှ ၁၇ MW၊ UPP (ရွာမ) ဓာတ်အားပေးစက်မှ ၄၅MW၊ Max Power (သာကေတ) ဓာတ်အား ပေးစက်မှ ၄၅ MW၊ လှော်ကားဓာတ် အားပေးစက်မှ ၆၀ MW၊့ Energy ဓာတ်အားပေးစက်မှ ၁၀၆ MW၊ စုစုပေါင်း ၄၃၃ MW ခန့် ဓာတ်အားစနစ် အတွင်းသို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်မှု လျော့နည်းခဲ့တဲ့အတွက် လျော့နည်းသွားတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွေအတွက် အချို့နေရာတွေမှာ ဝန်အားလျှော့ချရခြင်းဖြစ်တယ်လို့လည်း YESC က ထုတ်ပြန်ထားပါတယ်။

ရတနာကမ်းလွန်သဘာဝဓာတ် ငွေ့ပိုက်လိုင်းဟာဆိုရင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရမှာရှိတဲ့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတွေကို့ ပို့လွှတ်နေတာဖြစ်ပြီး ဒီပိုက်လိုင်း ယိုစိမ့်မှုကြောင့် ဓာတ်အားစနစ်အတွင်းကို ဓာတ်အားထုတ်လုပ် ပို့လွှတ်နိုင်မှု ၄၃၃ MW ခန့် လျော့နည်းခဲ့တာဖြစ်တယ်လို့ YESC က ထုတ်ပြန်ထားတာပါ။

လက်ရှိမှာ ပြည်သူတွေ တွေ့ကြုံခံစား နေရတာက ဘယ်အချိန် မီးပြတ်မယ်ဆိုတာကို တိတိကျကျ မသိရတဲ့အတွက် အခက်အခဲတွေနဲ့ တွေ့ကြုံနေရတာပါ။ လျှပ်စစ်မီး ပြတ်လိုက်လာလိုက် ဖြစ်နေတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့နေရတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ရှိပါတယ်။ အများဆုံး ခံစားနေရတာကတော့ အိမ်ရှင်မတွေပါ။ မီးအချိန် မမှန်တဲ့အတွက် ပျက်စီးခဲ့ရတဲ့ ထမင်းအိုးတွေ ဆိုတာလည်း မနည်းပါဘူး။ လျှပ်စစ်ဓာတ်အားကို လူတိုင်းအချိန်ပိုင်း အလိုက် မျှဝေခံစားနိုင်အောင် ဓာတ်အားဖြန့်ဖြူးပေးသွားမယ့် အစီအမံတွေ ချမှတ်ဆောင်ရွက်မယ် ဆိုရင်လည်း ပြည်သူတွေ ထင်သာမြင်သာရှိစေဖို့ ပွင့်လင်းမြင်သာစွာ ချပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ဆိုရင်လည်း လျှပ်စစ်မီး ဖြန့်ဖြူးတဲ့နေရာမှာ အများပြည်သူအုပ်စု A နှင့် B ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း အလှည့်ကျ ဝန်အားလျှော့ လျှပ်စစ်မီးပေးမည် ဖြစ်ကြောင်း၊ ညနေ ၄ နာရီမှ နောက်တစ်နေ့ နံနက် ၉ နာရီအထိ ဓာတ်အားအပြည့်ပေး ထားမည်ဖြစ်ကြောင်း၊ တောင်ဥက္ကလာပမြို့ နယ်ရှိ စက် မှုဇုန်ကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိသာ လျှပ်စစ်မီးပေးမည်ဖြစ်ကြောင်း အလုံမြို့နယ်လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့က ထုတ်ပြန်ပေးခဲ့ပါတယ်။ သို့သော်လည်း လက်တွေ့မှာ ဓာတ်အားဖြန့်ဖြူးတာက သတ်မှတ်ချိန်တင်မကပဲ မီးလာချိန်တွေမှာပါ ပြတ်တောက်ခဲ့တဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

ပြည်သူတွေ လိုအပ်နေတာက ပွင့်လင်းမြင်သာမှု ရှိဖို့ပါပဲ။ မီးပြတ်မယ် ဆိုရင်လည်း ဘယ်နေ့၊ ဘယ်အချိန် ထိဖြတ်မယ် ဆိုတာမျိုး၊ အကယ်၍ အကြောင်း တစ်ခုခုကြောင့် မတော်တဆ မီးပြတ်တောက်ခဲ့မယ် ဆိုပါကလည်း မည်သည့် အကြောင်းကြောင့် လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်ကို ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြမှုကို လိုအပ်နေတာပါ။

လက်ရှိ ပြည်သူတွေကို မီးပေးဝေနေတဲ့ အခြေအနေနဲ့ အကြောင်းအရာလေးကိုပဲ သိသာထင်ရှားစွာ ချပြပေးစေလိုတာပါ။ လက်ရှိ ဖြစ်ပျက်နေတာက မီးပြတ်တော့လဲ သြော်မီးပြတ်သွားပြီ၊ မီးလာတော့လဲ့ မီးလာပြီဟေ့ ဆိုတဲ့ ယခင့် ယခင်က သုံးခဲ့တဲ့ နည်းလမ်းဟောင်းတွေကို ပြည်သူတွေက မုန်းနေပါပြီ။ အကျိုးသင့် အကြောင်းသင့်ကို ပြည်သူက လိုအပ်နေတာပါ။ ပြည်သူရဲ့ ယုံကြည်မှုကို ရစေချင်ရင်တော့ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်နေပါပြီ။ ဘယ်အချိန်ဖြတ်မယ်၊ ဘယ်ကာလအထိ၊ ဘာကြောင့်ဖြတ်တယ် ဆိုတာကို ပွင့်လင်းမြင်သာစွာ ချပြသင့်ပါပြီ။ ပြည်သူတွေလိုအပ်တာက ရိုးရိုးရှင်းရှင်းလေးပါ။ ပွင့်လင်းမြင်သာမှုလေးပါပဲ။

မကြာခင်မှာ ပူပြင်းလှတဲ့ နွေကာလကို ရောက်ရှိတော့မှာဘဲ ဖြစ်ပါတယ်။ အပူတွေများပြားနေတဲ့ ပြည်သူတွေအတွက် ပူပြင်းတဲ့နွေရာသီ ကာလမှာ ပြည်သူတွေရင်အေးအောင် လျှပ်စစ်ကို ဘယ်လိုပုံစံနဲ့ ဖြန့်ဖြူးပေးမလဲ ဆိုတာကို အစီအမံတွေ ချမှတ်ပြီး ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြဖို့ လိုအပ်မှာဘဲ ဖြစ်ပါတယ်။

ကောင်းဇေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။