Trending Now

ရှဒူးဇွပ်ကျေးရွာအနီး မူးယစ်ဆေးဝါးများကို ပွဲဈေးတန်းသဖွယ် ရောင်းဝယ် ဖောက်ကားနေသည်ဟု ဒေသခံများဆို

Spread the love

ရှဒူးဇွပ်ကျေးရွာအနီး မူးယစ်ဆေးဝါးများကို ပွဲဈေးတန်းသဖွယ် ရောင်းဝယ် ဖောက်ကားနေသည်ဟု ဒေသခံများဆို

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လီဒိုလမ်းပိုင်းရှိ ရှဒူးဇွပ်ကျေးရွာ အနီးတွင် မူးယစ်ဆေးဝါးများကို ပွဲ‌ဈေးတန်းသဖွယ် စည်ကားစွာဖြင့် ရောင်းဝယ် ဖောက်ကားမှု ပြုလုပ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ယင်း‌သို့ မူးယစ်ဆေးဝါးများ ရောင်းဝယ် ဖောက်ကားနေသည့် နေရာမှာ ရှဒူးဇွပ်ကျေးရွာအနီးရှိ ယုဇန ကုမ္ပဏီဟောင်းနေရာတွင်ဖြစ်ပြီး လီဒိုလမ်းပိုင်းအနီး အကျယ်အားဖြင့် ဧက ၃၀ ကျော်ခန့်ရှိသည့် နေရာတွင် ရွှေလုပ်ငန်းကို လုပ်ကိုင်နေကြသည့် အလုပ်သမားများနှင့် နယ်ဝေးမှ လာရောက်ပြီး အခြားလုပ်ငန်းများကို လုပ်ဆောင်နေကြသည့် လုပ်သားများ ၂၀ ကျော်ခန့်မှမိုးကာတဲများ ပြုလုပ်ကာ မူးယစ်ဆေးဝါးများကို ပွဲ‌ဈေးတန်းသဖွယ် စည်ကားစွာဖြင့် ရောင်းဝယ် ဖောက်ကားမှုပြုနေသည်ကို တွေ့ရကြောင်း ရှဒူးဇွပ် ဒေသခံတစ်ဦးက EPN သတင်းဌာနသို့ ဆက်သွယ်ပြောပြသည်။

“ပြောရမယ်ဆိုရင် အဲ့ဒီနေရာမှာ ဒီလိုမျိုး မူးယစ်ဆေး သုံးစွဲနေတာက ကြာပါပြီ အရင် ဒီကုမ္ပဏီရှိကတည်းက လုပ်သားတွေ သုံးစွဲနေကြတာရှိတယ်၊ ဒါပေမယ့် အဲ့တုန်းကတော့ အခုလိုကြီး မဆိုးရွားသေးဘူး၊ ကုမ္ပဏီပိတ်သွားတဲ့ နောက်ပိုင်း ပိုဆိုးလာတယ် ပြောရမယ်၊ အခုဆိုလည်း အဲ့ဒီကုမ္ပဏီဟောင်းနေရာတွေမှာ မိုးကာတဲတွေ အများကြီးရှိတယ်၊ ရွှေလုပ်တဲ့သူတွေရော၊ အခြားလုပ်ငန်းတွေ လုပ်တဲ့သူတွေရော အလုံးရောပြီး နေနေကြတာ၊ ပေါ်တင်ကို ရောင်းဝယ်နေကြပြီ၊ စိုးရိမ်တာက ဒီကျေးရွာမှာရှိတဲ့ လူငယ်တွေရော အဲ့ဒီထဲမှာ ပါသွားပြီးတော့ ပျက်စီးကုန်မှာ စိုးတယ်၊ အခုလည်းရှိတာပေါ့ သုံးစွဲတဲ့ ရွာသားတွေ‌ ရှိတယ်၊ ဒါပေမယ့် ထပ်ပြီးများလာမှာကို စိုးရိမ်ရတယ်၊ နောက်ပိုင်းဆို ဒီကျေးရွာက မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားနေတဲ့ ကျေးရွာဆိုပြီး နာမည်ပျက်သွားလိမ့်မယ် ဒါကြောင့် ဒါတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက အမြန်ဆုံး တားစီးပေးစေချင်တယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ယုဇန ကုမ္ပဏီသည် လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့က KIA တပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မီးရှို့ ဖျက်စီးခံခဲ့ရပြီးနောက်ပိုင်း ယနေ့အထိ ပိတ်ထားကြောင်း ဒေသခံများထံက သိရသည်။

ယင်းအပြင် ရှဒူးဇွပ် ကျေးရွာဟောင်းလောချောင်း တစ်ဖက်ကမ်းရှိ ကိုင်းတောမှော် သွားရာလမ်းဘက်တွင်လည်း ယခုကဲ့သို့ပင် မူးယစ်ဆေးဝါးများကို ဈေးတန်းသဖွယ်ရောင်းဝယ်သုံးစွဲမှုများ ပြုလုပ်ရောင်းချနေကြောင်း သိရသည်။

လင်းယုန်
ဓါတ်ပုံ (ပုံဟောင်း)

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။