Trending Now

ကနီမြို့နယ် ရေပြတ်လပ်နေသည့် ရွာများသို့ သောက်သုံးရေဖြန့်ဝေပေး

Spread the love

ကနီမြို့နယ် ရေပြတ်လပ်နေသည့် ရွာများသို့ သောက်သုံးရေဖြန့်ဝေပေး

 
EPN
မုံရွာ၊ မတ် – ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ချောင်းမအရှေ့ရွာတွင် ရေတွင်းများခမ်းခြောက်ပြီး ရေအခက်အခဲ ဖြစ်သဖြင့် မတ် ၂၂ ရက် နံနက်ပိုင်းက သောက်သုံးရေများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချောင်းမအရှေ့ရွာတွင် ရေတွင်းများခမ်းခြောက်ပြီး ရေအခက်အခဲဖြစ်သဖြင့် တိုင်း၊ ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ရေသယ်ယာဉ် ဂါလံ ၁၆၀၀ ဆံ့ ကား၅စီးဖြင့် သောက်သုံးရေ ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ မီးသတ်ဦးစီးဌာနကနေ ကား ၅ စီးနဲ့ရေဖြန့်ဝေပေးပါတယ်။ ဒါပြီး လိုအပ်တာတွေလဲ ပံပိုးပေးတယ်။ ရေကိုတော့ နေ့စဉ်ဖြန့်ဝေပေးသွားမယ်။ ရေက နေ့စဉ်ဖြန့်ဝေပေးမှရမယ်။ မဖြန့်ရင်မရဘူး။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနကလဲ ကူညီမယ်လို့ပြောတယ်”ဟု ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။

ချောင်းမအရှေ့ရွာတွင် ရေတွင်းများသည် မတ်လဆန်းပိုင်းမှစတင်၍ ရေခမ်းခြောက်လာပြီး ရေတွင်းများ ပိုမိုခမ်းခြောက်လာကာ သောက်သုံးရေအတွက် အခက်အခဲဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ချောင်းမအရှေ့ရွာတွင် ရေတွင်းများခမ်းခြောက်မှုနှင့်ပတ်သက်၍ မတ် ၂၀ ရက်နေ့ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် ရပ်မိရပ်ဖများတို့က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာ ရေတွင်း ၅၀ ထက်မနည်း ခမ်းခြောက်နေခြင်းဖြစ်သည်။

“မနေ့က ရွက်ကနေဖုန်းနဲ့ဆက်လာတယ်။ မနေ့က ကျွန်တော်တို့ကွင်းဆင်းတယ်။ တချို့တွင်းတွေကတော့ ရေတစ်စက်မှမကျန်လောက်အောင် ခမ်းသွားတယ်။ တချို့တွင်းတွေကတော့ လက်တစ်ထွာလောက်ကျန်တယ်။ ၅နာရီလောက်စောင့်မှ ကျောက်ခွက်လေးတစ်ခွက်စာရတယ်။ ဒါပြီး ရေလှုပ်ဘုံဘိုင်တွင်းတွေလဲခမ်းတယ်။ မော်တာပိုက်မြှုပ်တဲ့တွင်းတွေလဲ ခမ်းတယ်။ အဝီစိတွင်းတွေလဲခမ်းတယ်။ တွင်းပေါင်း ၅၀ ထက်မနဲခမ်းတယ်။ အဓိကတော့ မိုးခေါင်းတာကြောင့် ခမ်းတာပါ။ မတ်လဆန်းပိုင်းကစပြီး ခမ်းတာတဲ့။ အခုကနေအပူချိန်လဲဝင်လာတော့ ပိုခမ်းခြောက်လာ တာပါ”ဟု ဦးထွန်းထွန်းဝင်းကပြောသည်။

ချောင်းမအရှေ့ရွာတွင် ရေတွင်းများခမ်းခြောက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ဌာနများ တိုင်း၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနကိုလည်း အကြောင်းကြားထားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံလည်း တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ချောင်းမအရှေ့ရွာတွင် အိမ်ခြေ ၁၈၀ ကျော်နှင့်လူဦးရေ ၁၀၀၀ ကျော်ရှိပြီး တောင်ယာလုပ်ငန်းကိုသာ အဓိကထား၍ လုပ်ကိုင်စားသောက်ကြသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။