Trending Now

ဂန့်ဂေါမြို့နယ်တွင် လူဆယ်ဦး သတ်ဖြတ်ခံရ

Spread the love

ဂန့်ဂေါမြို့နယ်တွင် လူဆယ်ဦး သတ်ဖြတ်ခံရ

EPN
ဂန့်ဂေါ၊ ဖေဖော်ဝါရီ ၁၅ (၂၀၂၄)

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်၊ သင်တောကျေးရွာနှင့် ရွှေဘိုကျေးရွာက ဒေသခံ ၁၀ ဦး ယမန်နေ့၊ ဖေဖော်ဝါရီ ၁၄ ရက်ကဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခံရပြီး၊ နေအိမ်တချို့လည်း မီးရှို့ဖျက်ဆီးခံခဲ့ရ ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခံရသူ ၁၀ ဦးသည် သင်တောကျေးရွာက အသက် ၅၆ နှစ်အရွယ် ဦးဘိုသန်း၊ ဦးပြူးသာ၊ အသက် ၅၂ နှစ်အရွယ် ဦးဌေးအောင်၊ အသက် ၃၆ နှစ်အရွယ် ကိုတင့်လွင်၊ ကိုမောင်နိုင်၊ အသက် ၃၃ နှစ်အရွယ် ကိုမောင်ပုနှင့် အသက် ၂၆နှစ်အရွယ် ကိုကျော်မိုးလွင်တို့ဖြစ်ပြီး၊ ရွေဘိုကျေးရွာက အသက် ၃၇ နှစ်အရွယ် ကိုမျိုးသန့်နှင့် အသက် ၂၅နှစ်အရွယ် ကို တိုးလွင်၊ အသက် ၃၅ နှစ်အရွယ် ကိုဇော်လင်းအောင်တို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” မနေ့က ဖြစ်တာ ဘယ်အဖွဲ့ဆိုတာတော့ ပြောဖို့ခက်တယ်။ မျက်နှာဖုံးတွေ စွပ်ထားတဲ့ အဖွဲ့တွေက လာဖမ်းခေါ်ပြီး သင်တောရွာတောင်ဘက် ဘုရားကုန်းနေရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာ။ အခု အသတ်ခံရသူတွေ အားလုံးက အရပ်သား ဒေသခံတွေပါ ” ဟု ၎င်းကပြောသည်။

အဆိုပါ ဒေသခံ ၁၀ဦး သတ်ဖြတ်ခံရသည့်အပြင် သင်တောကျေးရွာက နေအိမ်အလုံး ၂၀၊ ရွှေဘိုကျေးရွာက နေအိမ် ၆ လုံးလည်း မီးရှို့ဖျက်ဆီးခံရပြီး ဖမ်းဆီးခေါ်ခံ ရသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဂန့်ဂေါမြို့နယ် ရွေဘိုကျေးရွာအနီးက PDF စခန်းများကို လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ရှင်းလင်းရာတွင် PDF အလောင်းခုနစ်လောင်းနှင့်အတူ လက်နက်ခဲယမ်းများ၊ မိုင်းများကို သိမ်း ဆည်းရမိခဲ့ကြောင်း သက်ဆိုင်ရာက ယမန်နေ့ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။