Trending Now

ရုရှားနဲ့ တရုတ်တို့ ပူးတွဲရေကြောင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့

Spread the love

ရုရှားနဲ့ တရုတ်တို့ ပူးတွဲရေကြောင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၉

ရုရှားနဲ့ တရုတ်စစ်သင်္ဘောတွေဟာ လေကြောင်းတိုက်ခိုက်မှု တန်ပြန်ရေး၊ ကယ်ဆယ်ရေးလေ့ကျင့်မှုတွေနဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်း ပူးတွဲရေကြောင်းကင်းလှည့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၁၈ ရက်နေ့က ပြောပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုအတွင်း သင်္ဘောတွေ လောင်စာဆီ ဖြည့်တင်းခြင်းနဲ့ သွားလာရင်း ကုန်စည်လွှဲပြောင်းခြင်းတို့ကိုလည်း လေ့ကျင့်ပြုလုပ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

“ရုရှားရေတပ်နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် သင်္ဘောတွေဟာ အရှေ့ဘက်တရုတ်ပင်လယ်ရေပြင်မှာ လောလောဆယ် လည်ပတ်နေတယ်” လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

တစ်ချိန်ထဲမှာပဲ နှစ်နိုင်ငံ သင်္ဘောသားတွေဟာ ရေငုပ်သင်္ဘော ဆန့်ကျင်ရေး လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီး လေကြောင်းရန်ဆန့်ကျင်ရေး၊ ကယ်ဆယ်ရေးလေ့ကျင့်မှုတွေနဲ့ စစ်သင်္ဘောပေါ်ကို ရဟတ်ယာဉ် ကျွမ်းကျင်စွာ ဆင်းသက်ခြင်းနဲ့ ပျံသန်းခြင်းတွေကို ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်နဲ့ မြောက်ပိုင်းဒေသတွေမှာ နှစ်နိုင်ငံ ရေတပ်သင်္ဘောတွေ ရေကြောင်းကင်းလှည့်မှုလုပ်ဆောင်နေတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

“ဒီလုပ်ရပ်တွေဟာ ပြင်ပအဖွဲ့အစည်းကို ရည်ရွယ်တာ မဟုတ်သလို လက်ရှိ နိုင်ငံတကာနဲ့ ဒေသတွင်း အခြေအနေတွေနဲ့လည်း မသက်ဆိုင်ပါဘူး” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖုဟာ ခုသီတင်းပတ်အတွင်း ၁၁ ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ မော်စကိုညီလာခံကို တက်ရောက်ဖို့ ရုရှားနိုင်ငံကိုသွားရောက်ခဲ့ပြီး စစ်ရေးအရ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပါတယ်။

ရုရှားနဲ့ တရုတ်တို့ဟာ ပြီးခဲ့တဲ့လပိုင်းအတွင်း နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ဇူလိုင်လကလည်း ဂျပန်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်တို့မှာ ပူးတွဲလေကြောင်း ကင်းလှည့်မှုကို ပြုလုပ်ခဲ့ပါတယ်။

Ref; AFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။