Trending Now

မြစ်ကြီးနားမြို့တွင် ကြက်ဥ သုံးလုံး ကို ကျပ်တစ်ထောင်ဖြင့် ပေးဝယ်နေရ

Spread the love

မြစ်ကြီးနားမြို့တွင် ကြက်ဥ သုံးလုံး ကို ကျပ်တစ်ထောင်ဖြင့် ပေးဝယ်နေရ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၃၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် ဇန်နဝါရီ ၃၀ ရက် ယမန်နေက စ၍ ကြက်ဥ (၃) လုံးကို ကျပ်ငွေ (၁) ထောင် ဖြင့် ပေးဝယ်နေရသည်ဟု မြို့ခံ အိမ်ရှင်မများထံက သိရသည်။

မြစ်ကြီးနားမြို့တွင် လက်ရှိ ကြက်ဥ ပေါက်ဈေးအရ အလုံး (၃၀) ပါ တစ်ကတ် လျှင် ကျပ်ငွေ (၇၅၀၀)မှ (၇၈၀၀) အထိ ပေါက်နေပြီး အလုံးချင်း ဝယ်ယူပါက (၃) လုံး ကျပ် (၁)ထောင်၊ (၂) ထောင်ဖိုးဝယ်မှ (၇) လုံးသာ ရရှိကြောင်း ရန်ကြီးအောင်ရပ်ကွက်နေ အိမ်ရှင်မ တစ်ဦးက ပြောပြသည်။

“အသား၊ ငါး၊ အသီးအရွက်တွေ ဈေးကြီးလို့ ကြက်ဥလေး ကြော်စားမယ် ကြံတယ်၊ အံမယ်လေး ရွှေကွပ်ထား သလား အောက်မေ့ရတယ်၊ တစ်လုံးကို ငွေလေးရာနီးပါး ပေးဝယ်ရတယ်၊ တစ်ထောင်ဖိုးဝယ်မှ သုံးလုံးပဲရတယ်၊ အိမ်သားက လေးယောက်ရှိတယ်၊ တစ်နပ်အတွက် တစ်ယောက်ကို တစ်လုံး စားမလောက်တော့ဘူး၊ ဒါနဲ့မဝယ်နိုင်ပဲ လှည့်ပြန်လာရတယ်” ဟု ဆိုသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ခြံထွက် ကြက်ဥ အကြီး တစ်လုံးလျှင် ကျပ် (၄၀၀)မှ (၅၀၀) အထိ ပေါက်ဈေး ရှိနေပြီး ပုံမှန်ဆိုဒ် အလုံးအား ကျပ်ငွေ (၁) ထောင်လျှင် (၃) လုံးဖြင့် ရောင်းချနေသည်ကို တွေ့ရသည်။

“ကြက်အစာဈေးတွေ တက်တော့ ကြက်ဥဈေးလဲ တက်လာတာပေါ့၊ အခုဆိုကြက်ဥဈေးတွေက မတရားတက်နေတော့၊ ဝယ်သူတွေကိုလဲ ရောင်းရတာ အားနာလာတယ်၊ ကိုယ်လဲ ကိုက်တဲ့ ဈေးနဲ့ပဲ ရောင်းရတာဆိုတော့လေ၊ ဈေးများတော့ အရောင်းအဝယ်လဲ ပါးသွားတယ်၊ ကျဲသွားတယ်ပေါ့၊ ဝယ်စားမယ့်သူတွေအတွက်လဲ မလွယ်၊ ရောင်းတဲ့လူအတွက်လဲ မလွယ် ဖြစ်နေတယ်” ဟု ကြက်ဥ လက်လီလက်ကား ရောင်းချသူ တစ်ဦးက ဆိုသည်။

မြစ်ကြီးနားမြို့တွင်၊ ဆန်၊ ဆီ များအပါအဝင် မီးဖိုချောင်သုံး အခြေခံကုန်ဈေးနှုန်းများ ယခင်ကထက် ပိုမို ဈေးတက်နေပြီး ဟင်းသီးဟင်းရွက်ဈေးမှာလည်း ကျပ်‌ငွေ (၁) ထောင် ပေးဝယ်မှ ကစွန်းရွက် အစီး အသေးလေး (၃) စီးသာ ရရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။