Trending Now

ပွင့်သောပန်းတိုင်း လန်းပါစေ

Spread the love

ပွင့်သောပန်းတိုင်း လန်းပါစေ

EPN
သတင်းဆောင်းပါး၊ ၂၀၂၂ခုနှစ်၊ မေလ ၂၈ ရက်
မောင်ပန်းမွှေး (မြန်မာစာ)

မြန်မာနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များကို မေလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီးဖြစ်သည်။ အခြေခံပညာ ကျောင်းများ အတွက်မူ လာမည့်မေလ ၂၆ ရက်မှဇွန်လ ၁ ရက်နေ့အထိကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း အခြေခံပညာရေး သတင်းထုတ်ပြန်ချက်များ အရ သိရသည်။ ကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာတို့ကို နိုင်ငံတော်က အခမဲ့ ထောက်ပံ့မည်ဖြစ်ကြောင်းကိုလည်း ပညာရေးဝန်ကြီးဌာနက ပြည်သူကို အသိပေးနိူးဆော်ထားသည်။

ပညာဆိုသည်မှာ (ဝိဇ္ဇာ) အသိပညာနှင့် (သိပ္ပံ) အတတ်ပညာတို့ကို ပေါင်းစပ်ထားခြင်းပင် ဖြစ်သည်။ ဉာဏစွမ်းရည်၊ အတတ်ပညာစွမ်းရည်၊ တွေးခေါ်မြော်မြင်နိုင်စွမ်း၊ ဆင်ခြင်စဉ်းစားနိုင်စွမ်း၊ အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်းများနှင့် ပေါင်းစုထားခြင်းကို ပညာဟုခေါ်ဆိုနိူင်ပေသည်။ တစ်နည်းအားဖြင့် အခြေခံပညာရေးဆိုသည်မှာ စိတ်ကူးတွေ၊ စွမ်းဆောင်ရည်တွေ၊ ကိုယ်ကျင့်တရားတွေကို သင်ကြားပေးခြင်းဖြစ်သည်။

“ကျောင်းသားကျောင်းသူတွေ အမှန်တကယ် ပညာတတ်မြောက်ရေးအတွက် အခြေခံပညာအဆင့်မှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတွေကို တန်းစဉ်မှန်မှန် တက်ရောက်နိုင်ရေးနှင့် ကျောင်းထွက်သူ လုံးဝပပျောက်ရေး၊ မူးယစ်ဆေးဝါးနှင့် အရက်၊ ဆေးလိပ်၊ ကွမ်းယာ မသုံးစွဲရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ကျန်းမာရေး အသိပညာပေးရေး၊ ဂိမ်းစွဲလမ်းမှု ပပျောက်ရေး ကာကွယ်ရေးတို့အတွက် ကျောင်းဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ၊ မိဘများနှင့် ကျောင်းသားကျောင်းသူများ သုံးဦး ဖလှယ်ပူးပေါင်းဆောင်ရွက်သွားကြရန် အသိပေးထုတ်ပြန်ထားတယ်´´လို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပညာအားနည်းသည့်အခါတွင် ဘဝတွင်ကြုံတွေ့ရမည့် အကျိုးတရားများကို အင်းဝခေတ်စာဆို ရှင်မဟာရဌသာရက ကိုးခန်းပျို့တွင် “ဝိဇ္ဇာသိပ္ပ၊ လူ့ကိစ္စကို ငယ်ကမသင်၊ ပျော်ပါးလွင်မူ၊ အကြင်သူအား စကားချေတင်၊ သဘင်မပြဲ့၊ ခံတွင်းမဲ့သို့၊ ချို့တဲ့ပညာ၊ ညှိုးမျက်နှာနှင့် ရွံရှာလန့်ထိတ် အသံဆိတ်၏ဟု ရေးဖွဲ့ထားသည်။

“ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပညာရေးကဏ္ဍဟာ နိမ့်ကျနေသေးတာကြောင့် ကျောင်းသား ကျောင်းသူ လူငယ်တွေဟာ တွေးခေါ်ဆင်ခြင်နိုင်မှု (Critical Thinkibg) အားနည်းနေပြီး အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဘဝရည်မှန်းချက်တွေဟာ ဝေဝါးနေကြတယ်။ ကျောင်းသား ကျောင်းသူတွေရဲ့ ပညာရေးနှောင့်နှေးခြင်းဟာ နိုင်ငံအနာဂတ် တိုးတက်နှေးကွေးခြင်းပဲ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ကလေးတွေရဲ့ စာသင်နှစ် တစ်နှစ်ကုန်ဆုံးခဲ့ရပြီးပါပြီ´´ လို့ ၎င်းက ဆက်ပြောသည်။

ပညာရှိများသည် ဘဝတစ်ခုတွင် ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာလို့ ဆိုကြသည်။ ပထမအရွယ် ပညာရှာချိန်တွင် ပညာမရှာမိခဲ့သော် ဘဝခရီးလမ်းကို လျောက်လှမ်းရာတွင် ခက်ခဲပင်ပန်းမှာဖြစ်ကြောင်း ဆိုဆုံးမထားသည်။ ပထမအရွယ် ပညာရှာချိန်တွင် အသက်အရွယ်အားဖြင့်နုငယ်ပြီး တွေးခေါ်မြော်မြင်နိုင်စွမ်း နည်းသောကြောင့် ကိုယ်ဖြစ်ချင်သည့်ဝါသနာ၊ ဘဝရည်မှန်းချက်၊ ပန်းတိုင်များမှာ မကွဲပြားသေးချေ။ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုများကိုလိုက်၍ ကျောင်းသား ကျောင်းသူ၊ လူငယ်များ၏စိတ်က လိုက်ပါပြောင်းလဲတက်သော်လည်း သဘာဝမို့ အပြစ်မဆိုထိုက်ပေ။

အခြေခံပညာကျောင်းများ မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ဆရာ၊ မိဘများက ပညာသင်ကြားရေး၊ သင်ယူရေးတို့အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းလျက်ရှိနေကြသည်ကို တွေ့ရှိရသည်။ ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှုကို နှောက်ယှက်ဖျက်စီးခြင်း၊ ကလေးသူငယ်များနှင့် လူငယ်တို့၏ အနာဂတ်ဘဝတွင် ပညာသင်ကြားရေးကို နှောက်ယှက်ဖျက်စီးခြင်းတို့က နိုင်ငံသူနိုင်ငံသား များနှင့် ကျောင်းသူကျောင်းသားများကိုသာ ကြီးစွာသောနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေမည်ဖြစ်သည်။ အခြေခံပညာကျောင်းများကို မဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေကြခြင်းမှာ မည်သူ၏ အကျိုးစီးပွားအတွက် ဖြစ်သနည်းဟုပင် မေးခွန်းထုတ်ရန် လိုအပ်မည်ဖြစ်ပေသည်။

ထို့ကြောင့် ကျောင်းသား ကျောင်းသူ လူငယ်များ၏ နုပျိုလန်းဆန်းတက်ကြွမှု အားမာန်တွေ၊ ထက်သန်ပြင်းပြတဲ့ ဇွဲ၊ လုံ့လ၊ ဝိရိယတွေကို ရည်ရွယ်ချက်မှန်မှန်နဲ့ အသုံးချတက်ဖို့က ငြိမ်းချမ်းပျော်ရွင်စွာ ပညာသင်ကြားနိုင်ရန် အားလုံးတွင် တာဝန်ရှိပေသည်။ ငယ်ရွယ် ဖြူစင်နုနယ်သော၊ မည်သည့်အရောင်မှ အစွန်းအထင်းမရှိသေးသော ပညာသင်ရမည့်အရွယ် လူငယ်များကို ပညာရေးတစ်ပိုင်းတစ်စဖြင့် အယူအဆများ လွဲမှားကာ အနာဂတ်ဘဝများ မပျောက်ရှရစေရန် စာသင်သားကလေး၊ မိဘနှင့် ဆရာတို့က ဘေးရန်ဆီးကာကြပါလို့ မေတ္တာရပ်ခံချင်ပါသည်။

သစ်ပင်ပေါ်မှာနားနေတဲ့ ငှက်တစ်ကောက်ဟာ သစ်ကိုင်းကြိုးကျမှာကို မကြောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သစ်ကိုင်းကိုသူယုံလို့ မဟုတ်ဘူး။ သူ့အတောင်ပံကို သူယုံသလို ပညာအရည်အချင်းပြည့်ဝမှသာ ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် ကျောင်းသား ကျောင်းသူများသည် ကောင်းဆိုးနှစ်တန်ကို ဝေဖန်ပိုင်းခြားနိုင်ကြမှာ ဖြစ်သည့်အတွက် မှန်မှန်ကန်ကန် ပျိုးထောင်နိုင်ဖို့၊ အသိအမြင်များ ကျယ်ပြန့်လာအောင်၊ ပိုမိုစည်ကမ်းကျသည့် ဘဝတစ်ခုကို တည်ဆောက်လာနိုင်ရန် မိဘများနေဖြင့်လည်း မိမိတို့ရင်သွေးငယ်များကို ကျောင်းအပ်နှံကြဖို့၊ စာသင်ခန်းတွေဆီ ပို့ဆောင်ကြဖို့ စေတနာဖြင့် နိူးဆော်အပ်ပါသည်။

မောင်ပန်းမွှေး (မြန်မာစာ)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။