Trending Now

ရုရှားက မေလနှောင်းပိုင်းမှာ ထိုးစစ်အသစ်ကို စတင်မယ်လို့ ယူကရိန်းသမ္မတပြော

Spread the love

ရုရှားက မေလနှောင်းပိုင်းမှာ ထိုးစစ်အသစ်ကို စတင်မယ်လို့ ယူကရိန်းသမ္မတပြော

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၆

ရုရှားက မေလနှောင်းပိုင်း ဒါမှမဟုတ် နွေရာသီအစောပိုင်းမှာ ယူကရိန်းကို ထိုးစစ်အသစ်တစ်ခုစတင်ဖို့ ပြင်ဆင်နေပြီး ယူကရိန်းဘက်ကလည်း ကိုယ်ပိုင်ရှင်းလင်းပြတ်သားတဲ့ စစ်မြေပြင် အစီအစဉ်တစ်ခုရှိတယ်လို့ ယူကရိန်းသမ္မတ ဇလန်ဇကီက ပြောပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်မှု ဒုတိယမြောက် နှစ်ပတ်လည်နေ့အပြီး တစ်ရက်အကြာမှာ မစ္စတာ ဇလန်ဇကီက အနောက်မဟာမိတ်တွေနဲ့ စည်းလုံးညီညွှတ်ဖို့ အရေးကြီးကြောင်းနဲ့ ဆက်လက်ပံ့ပိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

“သူတို့ရဲ့ ထိုးစစ်အတွက် ကျွန်တော်တို့ ပြင်ဆင်သွားမှာပါ။ အောက်တိုဘာ ၈ ရက်မှာ စတင်ခဲ့တဲ့ သူတို့ရဲ့ ထိုးစစ်ဆင်မှုဟာလည်း ဘာရလဒ်မှ ထွက်မလာဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ဘက်မှာလည်း ရှင်းလင်းပြတ်သားတဲ့ ကိုယ်ပိုင်အစီအစဉ်တစ်ခုရှိပါတယ်” လို့ ကိယက်ဗ်မှာ မစ္စတာ ဇလန်ဇကီက သတင်းထောက်တွေကို ပြောပါတယ်။

အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာပဲ စစ်ပွဲအတွင်း ယူကရိန်းစစ်သား ၃၁,၀၀၀ သေဆုံးခဲ့တယ်လို့ မစ္စတာ ဇလန်ဇကီက ထည့်သွင်းပြောကြားခဲ့ပြီး ရုရှားဘက်ကတော့ ယူကရိန်းရဲ့ ပြောဆိုချက်ဟာ မမှန်ကန်ဘူးလို့ ဆိုပါတယ်။

နှစ်နှစ်ကြာစစ်ပွဲအတွင်း ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ဘက်နဲ့ တောင်ဘက်ကို ထိုးစစ်ဆင်ခဲ့ပြီး ယူကရိန်းတပ်ဖွဲ့ဝင်တွေအတွက် ကျယ်ဝန်းတဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ အမြောက်ကျည်ပြတ်တောက်မှုနဲ့ တာဝေးပစ်ဒုံးကျည်ပြတ်လပ်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မစ္စတာ ဇလန်ဇကီက အမေရိကန်ကွန်ဂရက်လွှတ်တော်ဟာ စစ်ဘက်နဲ့ ဘဏ္ဍာရေးအကူအညီအသစ်တွေကို အတည်ပြုပေးမယ်လို့ ယုံကြည်ကြောင်းနဲ့ ယူကရိန်းဟာ ဆုံးဖြတ်ချက်ကို တစ်လအတွင်းရရှိဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ရုရှားတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းတပ်ဖွဲ့ဝင်တွေရဲ့ ခံတပ်တစ်ခုလိုဖြစ်နေတဲ့ Avdiivka မြို့ကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကပဲ သိမ်းပိုက်နိုင်ခဲ့ပြီး ရုရှားအတွက် အကြီးမားဆုံးစစ်မြေပြင်အောင်ပွဲကို ရရှိခဲ့ပါတယ်။

မြို့ကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားတပ်ဖွဲ့ဝင်တွေကို ယူကရိန်းနိုင်ငံအတွင်းပိုင်းကို ပိုမိုရောက်ရှိအောင် တွန်းအားပေးသွားမယ်လို့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

” ရုရှားတပ်ဖွဲ့တွေကို တန်ပြန်ဖို့ ရှင်းရှင်းလင်းလင်း အစီအစဉ်တွေ ရှိပါတယ်၊ ဒါပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောမှာ မဟုတ်ပါဘူး။” လို့ မစ္စတာဇလန်ဇကီက ပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့နှစ်က အပြင်းထန်ဆုံး တန်ပြန်ထိုးစစ်ကို ပြုလုပ်ခဲ့ပေမယ့် ရုရှားရဲ့ ခံစစ်စည်းတွေကို ထိုးဖောက်နိုင်ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ref; FN


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။