Trending Now

မြတ်စွာဘုရားရှင်၏ သရီရဓာတ်တော်များ ထည့်သွင်းတည်ထားသည့် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်

Spread the love

မြတ်စွာဘုရားရှင်၏ သရီရဓာတ်တော်များ ထည့်သွင်းတည်ထားသည့် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်

EPN
နေပြည်တော်၊ မတ် ၁၈ (၂၀၂၄)

မြတ်စွာဘုရားရှင်၏ သရီရဓာတ်တော်များကို ထည့်သွင်းတည်ထားသည့် ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်ရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားများကို ယမန်နေ့ (မတ် ၁၇ ရက်)၊ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။

၎င်းအပြင် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးတည်ထားသည်မှာ နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိပြီဖြစ်ပြီး၊ ရှေးမင်းအဆက်ဆက် ကိုးကွယ်တော်မူခဲ့ကာ ယခု စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားသို့လည်း နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ တာဝန်ရှိသူများ တက်ရောက်ကြည်ညို ပူဇော်ခဲ့ကြသည်။

အခမ်းအနားတွင် နစက ဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက ပဲခူးမြို့၊ ကြခတ်ဝိုင်းစာသင်တိုက်၏ ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဉေယျဓမ္မာဘိဝံသထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကာ ပရိတ်တရားတော်များကို နာယူကြည်ညိုပြီး၊ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်များက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား စေတီတော်အထွတ်သို့ ပင့်ဆောင်တင်လှူပူဇော်ကာ ပရိတ်နံ့သာရည်များ ပက်ဖျန်းပြီးနောက် နစက ဥက္ကဋ္ဌမှ စေတီတော်မြတ်ကြီးအား ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။

ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအား သာသနာသက္ကရာဇ် ၁၄၇၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၂၉၄ ခုနှစ်တွင် သမလမင်းဆက် (၁၇)ဆက်အနက် အဋ္ဌမမြောက် မွန်မင်းဆက်ဖြစ်သည့် ဂိဇ္ဈဓိယမင်းနှင့် မိဖုရားတို့က မြတ်စွာဘုရားရှင်၏ သရီရဓာတ်တော်များ၊ အများလှူဒါန်းသည့် ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားများကို ထည့်သွင်း၍ တည်ထားရာ သာသနာသက္ကရာဇ် ၁၄၈၀၊ ကောဇာသက္ကရာဇ် ၂၉၈ ခုနှစ်တွင်ပြီးမြောက်ခဲ့ပြီး ရှေးမင်းအဆက်ဆက်ကိုးကွယ်ခဲ့ကြသည်။

စေတီတော်မြတ်ကြီးသည် ကျိုက်ပညာယျ၊ ကျိုက်ပုညယျ၊ ကျိုက်မာလာယျစေတီတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံးစေတီဖြစ်ပြီး လက်ရှိအချိန်တွင် ဉာဏ်တော် ၂၀၄ ပေ၊ ထီးတော် ၄၃ ပေရှိသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။