Trending Now

AA အဖွဲ့၏ နှောင့်ယှက်တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့မှုကို ပြည်နယ်ဝန်ကြီးချုပ် ရှင်းလင်းတင်ပြ

Spread the love

AA အဖွဲ့၏ နှောင့်ယှက်တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့မှုကို ပြည်နယ်ဝန်ကြီးချုပ် ရှင်းလင်းတင်ပြ

EPN
ရခိုင်၊ ဖေဖော်ဝါရီ ၁၀ (၂၀၂၄)

AA အဖွဲ့၏ နှောင့်ယှက်တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရခြင်းများနှင့်ပတ်သက်၍ နစက အဖွဲ့ဝင် ဒေါက်တာဘရွှေအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

နစက အဖွဲ့ဝင် ဒေါက်တာဘရွှေမှ ယမန်နေ့၊ ဖေဖော်ဝါရီ ၉ ရက်၊ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများကိုတွေ့ဆုံစဥ် ပြည်နယ်ဝန်ကြီးချုပ်မှ ရှင်း လင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

AA အဖွဲ့၏ နှောင့်ယှက်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့မှု၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားမှု၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့သော မြို့နယ်နှင့် မြို့များတွင် ပြည်သူများ ယာယီတိမ်းရှောင်ခိုလှုံနေရမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။

၎င်းအပြင် AA အဖွဲ့မှ နိုင်ငံပိုင်ယာဉ်၊ ယန္တရားများ၊ ဌာနဆိုင်ရာ ရုံးသုံးပစ္စည်းများနှင့် ပရိဘောဂများကို အဓမ္မယူဆောင်မှု၊ စက်သုံးဆီနှင့် စားရေရိက္ခာများကို ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ ဆောင်ပေးလျက်ရှိမှု၊ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်၊ Grade – 5၊ Grade – 9၊ Grade – 12 စာမေး ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် နစက အဖွဲ့ဝင် ဒေါက်တာဘရွှေမှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရန် လိုအပ်ကာ နစက အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် အမြဲတံခါးဖွင့်ထား၍ တည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဟု ပြောသည်။

” အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကောင်းမွန်တဲ့ အဖြေတစ်ခုရပြီး ဖြေရှင်းနိုင်မှာဖြစ်ပါတယ် ” ဟု ဒေါက်တာဘရွှေက ပြောသည်။

ပြည်ထောင်စုတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုး၏ အရေးကို အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး၊ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြည်နယ်အကျိုး၊ ပြည်ထောင်စုအကျိုးကို ရှေးရှု၍ အစွမ်းကုန် ကြိုးစားဆောင် ရွက်ကြရမည်ဟုလည်း မှာကြားခဲ့သည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။