Trending Now

ကချင်ပြည်နယ်အတွင်း စက်ရုံ၊ အလုပ်ရုံပေါင်း တစ်ရာကျော် ပြန်လည်ဖွင့်လှစ်ခွင့်ပြု

Spread the love

ကချင်ပြည်နယ်အတွင်း စက်ရုံ၊ အလုပ်ရုံပေါင်း တစ်ရာကျော် ပြန်လည်ဖွင့်လှစ်ခွင့်ပြု

EPN
မြစ်ကြီးနား၊ မေ ၂၈

ကချင်ပြည်နယ်အတွင်းက စက်ရုံအလုပ်ရုံပေါင်း (၁၀၀)ကျော်ကို ကိုဗစ်နိုင်တင်းကာလအတွင်း ကုန်ထုတ်လုပ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။


ကချင်တစ်ပြည်နယ်လုံးတွင် စက်ရုံအလုပ်ရုံပေါင်း (၁၅၄)ရုံ ရှိပြီး မြစ်ကြီးနားခရိုင်တွင် (၇၀)၊ ဗန်းမော် ခရိုင်တွင် (၄၀)၊ မိုးညှင်းခရိုင်တွင် (၄၀)ရှိသည့် အနက် လက်ရှိတွင် (၁၃၇)ရုံကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ်ချက် (၁၀)ချက်နှင့်အညီ ဖွင့်လှစ်ခွင့် ပြုထားကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ဆိုသည်။

“မြစ်ကြီးနားခရိုင်က စက်ရုံတွေပဲ ကျန်တော့တယ်။ စစ်တော့စစ်နေတယ် စစ်နေပြီး ဖွင့်ခွင့်မပေးသေးတာ၊ စစ်ဆေးတဲ့အခါမှာ အဆင့် A,B,C အထိ သတ်မှတ်ထားတယ်။ A အဆင့်မှ ဖွင့်ခွင့်ပေးတယ်။ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ Guide line လိုင်းမပြည့်စုံရင် ဖွင့်ခွင့်မပေးဘူး ”ဟု ဝန်ကြီး က ပြောသည်။

ယခု ဖွင့်လှစ်ခွင့်ပြုထားသည့် စက်ရုံအလုပ်ရုံများကိုလည်း ပုံမှန်အတိုင်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး ယင်းစစ်ဆေးခြင်းလုပ်ငန်းများကို ယခင်ကလည်း ပုံမှန်ဆောင်ရွက်လျက်ရှိနေပြီး လက်ရှိတွင် ကိုဗစ်နိုင်တင်း ကပ်ရောဂါအခြေအနေအရ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သတ်မှတ်ချက် များကိုပါ လိုက်နာမှု ရှိ၊ မရှိ ထည့်သွင်းစစ်ဆေးနေခြင်း ဖြစ်သည်။

ထို့အပြင် လူမှုဖူလုံရေးအရ အကျူံးဝင်သော စက်ရုံ၊ အလုပ်ရုံများ ပိတ်ထားခြင်းခံရမှုကိုလည်း သတ်မှတ်နှုန်းထား အတိုင်း ပြန်လည်ခံစားခွင့် ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ထည့်သွင်း ပြောဆိုခဲ့သည်။

“လူမှုဖူလုံရေးထည့်ငွေ လေးဆယ်ရာခိုင်နှုန်းပေးမယ့်ကိစ္စလည်း လျှောက်နေကြတယ်။ ဒီရုပ်ရှင်ရုံတို့ ပြီးရင် တခြားစက်ရုံတို့ ပေးမယ် သူတို့ ဆယ်ရက်ပိတ်ရင် ဆယ်ရက်၊ ဆယ့်ငါးရက်ပိတ်ခံရရင် ဆယ့်ငါးရက်စာကို ပေးမယ်”ဟု ဦးဇော်ဝင်းက ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများကို ဧပြီလ ၂၀ရက်နေ့က စတင်စစ်ဆေးကာ ဖွင့်လှစ်ခွင့် ပြုခဲ့ပြီး မေလကုန်အထိ စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည် ဖြစ်သောကြောင့် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စက်ရုံ၊ အလုပ်ရုံများကို ဆက်လက်ဖွင့်လှစ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။